ငရုတ်ပွစိုက်ပျိုးနည်းနှင့် စားသုံးပေးခြင်းဖြင့် ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal
Fri, 06/13/2025 - 09:59 -- consumer_admin

     ငရုတ်ပွကို အမျိုးမျိုးခေါ်ဆိုကြသော်လည်း မြန်မာနိုင်ငံတွင်မူ ငရုတ်ချို၊ ငရုတ်ပွဟူ၍သာ ခေါ်ဆိုကြသည်။ သူ၏ချိုသောအရသာကြောင့် လူသိများပြီးစျေးကောင်းရသော သီးနှံတစ်မျိုးဖြစ်ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများက အနည်းနှင့်အများစိုက်ပျိုးသော သီးနှံလည်းဖြစ်ပါသည်။ ငရုတ်ပွကို လတ်လတ်ဆတ်ဆတ်စားကြသောသီးနှံ၊ ပုပ်သိုးလွယ်သောသီးနှံဖြစ်၍ ဂရုစိုက်အချိန်ပေးရသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသူများက သီးညှပ်စိုက်ခင်းများ၌ ညှပ်၍စိုက်ခြင်း ကိုလည်း ပြုလုပ်ကြသည်။ ငရုတ်ပွစိုက်ပျိုးရန်မြေသြဇာကြွယ်ဝပြီး ရေမဝပ်သော မြေမျိုး၊ သဲနုန်း၊ နုန်းမြေပွမျိုးသည် အကောင်းဆုံးဖြစ်ပါသည်။ မြေစေးအသင့်အတင့်ပါဝင်‌သော မြေများတွင်လည်း စိုက်ပျိုးသင့်ပါသည်။ သို့သော်ရေမဝပ်စေရန် ရေထုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်ပါသည်။ သဲမြေတွင်စိုက်ပျိုးသောအခါ သဘာဝမြေသြဇာ လုံလုံလောက်လောက် ထည့်သွင်းပြီးမှ စိုက်ပျိုးသင့် ပါသည်။ မြေသားပါးပြီး အောက်ခံသဲကြပ်သောမြေများတွင် မစိုက်ပျိုးသင့်ပါ။ ပျိုးထောင်ရာတွင် အကျယ်(၃)ပေ၊ အမြင့်(၆)လက်မ၊ အရှည်(၃၀)ပေ ဘောင်များပြုလုပ်၍ နွားချေး၊ မြေဆွေးများကို ထည့်ပြီးလျှင် ဘောင်မျက်နှာပြင်ညီအောင်ပြုလုပ်၍ မျိုးစေ့ကို ပြာ၊ သဲနှင့်ရောပြီး ညီညာအောင် ခပ်ပါးပါးကြဲ ပေးရပါမည်။  မိုးရေချိန်(၂၅-၅၀)လက်မရွာသောဒေသများတွင် စိုက်ပျိုးရန်သင့်တော်ပြီး မိုးများသွားလျှင် အသီးပုပ်နိုင်ပါသည်။ မိုးများသောဒေသများတွင် မိုးနည်းသောကာလတွင်သာ စိုက်ပျိုးနိုင်ပါသည်။ အပူပိုင်းနှင့်သမပိုင်းသီးနှံဖြစ်ပါသည်။ နှင်းဒဏ်မခံနိုင်ပါ။  ငရုတ်ပွစိုက်ပျိုးရန် အသင့်တော်ဆုံးအပူချိန်သည် (၂၀-၂၅)ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ ငရုတ်ပွပန်းပွင့်ချိန်မှာ အပူချိန်  (၃၃)ဒီဂရီစင်တီဂရိတ်ကျော်ခဲ့လျှင် အပွင့်ကန်းပြီး အထွက်ကိုထိခိုက်စေပါသည်။ ငရုတ်ပွစား သုံးပေးခြင်းဖြင့် မျက်လုံးကိုကျန်းမာစေပါသည်။ ငရုတ်ပွတွင် ဗီတာမင်အေ ပါဝင်သောကြောင့် အမြင်အာရုံကျန်းမာစေရန် အားဖြည့်ပေးပါသည်။ အသက်အရွယ်ကြောင့်ဖြစ်သော အမြင်အာရုံ ပျက်စီခြင်း၊ အတွင်းတိမ်စသည်များ မဖြစ်စေရန်အတွက် ကာကွယ်ပေးပါသည်။ သွေးအားနည်း ရောဂါသည် လူတော်တော်များများရောဂါရှိလို့ရှိမှန်း မသိဘဲ ခံစားနေမိသော ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါသည်။  ငရုတ်ပွသည် သွေးအားနည်းရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသည်။ ထိုရောဂါများအပြင် ကိုယ်ခံအားကိုကောင်းစေခြင်း၊ အသားအရေကိုလှပစေခြင်း၊ အစာခြေစနစ်ကို ကျန်းမာစေခြင်း  စသည့်ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်သောကြောင့် စားသုံးပေးသင့်သော အသီးအနှံတစ်မျိုးဖြစ်ပါသည်။

 DOCA(ပဲခူး)