
ဒေသအသီးသီး၊ နေရာအသီးသီး၌ ပေါက်ရောက်သော အပင်များတွင် ကျွန်မတို့ လူသားများအတွက် လိုအပ်သောဆေးဝါးဖော်စပ်မှုများတွင် အသုံးဝင်သော ဆေးဖက်ဝင် အပင်မျိုးစုံရှိသည့် အနက် မြွေဆိပ်ကိုနိုင်သည့် ဟင်းငုတ်ပင်မှာလည်း အလွန်တန်ဖိုးရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ ဟင်းငုတ်ပင်ကို ဒေသအလိုက် သခွပ်ပင်၊ ဟင်းငုတ်ပင်၊ ဟင်းဂွတ်ပင် ဟု အမျိုးမျိုးခေါ်ဆိုလေ့ရှိကြပြီး တစ်နိုင်ငံလုံးနေရာအနှံ့ပေါက်ရောက်တတ်၍ နှစ်ရှည်ပင် အပင်တစ်မျိုးဖြစ်ပါသည်။ ပင်စည်တွင် အခေါက်နှင့်အပွေးများမရှိဘဲ အရွက်အနည်းငယ်ဝိုင်း၍ အပွင့်မှာ အဖြူရောင်ဖြစ်ပါသည်။ တန်ခူးလ မှ ဝါဆိုလအထိ အပွင့်ပွင့်လေ့ရှိပြီး အသီးမှာသေးသေးရှည်ရှည်ဖြင့် နှစ်ပေခန့်ရှိပါသည်။ အဆိပ်ပြင်း မြွေဆိုးများဖြစ်သော မြွေပွေး၊ မြွေဟောက်များ အကိုက်ခံရလျှင် အခေါက်ကို အမြန်ဝါးစားပေးခြင်း ဖြင့် အဆိပ်ပြေစေခြင်း၊ အဆိပ်ရှိသတ္တဝါလေးများအကိုက်ခံရသောအခါ အခေါက်ကို ဝါးစားပေးလျှင် သက်သာစေခြင်း၊ မျက်စိနာလျှင် အခေါက်ကိုသွေး၍ မျက်လုံးတွင်ကွင်းလိမ်းပေးပါက သက်သာစေခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ပါက အခေါက်ကိုပြုတ်၍ ရေချိုးပေးခြင်းဖြင့် သက်သာစေခြင်း၊ ကလေးငယ်များကိုသုပ်ကျွေးပေးလျှင် ကိုယ်တွင်းအဆိပ်ကို ကင်းစေနိုင်ခြင်း၊ ဘီးပိုးနှင့်စီပိုးလို အသည်းရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ခြင်း၊ ကလေးများ ရေကျောက် ပေါက်ခြင်း၊ တစ်ကိုယ်လုံးညောင်းညာကိုက်ခဲခြင်းများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)