ပင်စိမ်းပင်သည် မြန်မာနိုင်ငံနေရာအနှံအပြား၌ပေါက်ရောက်လျက်ရှိပြီး၊ စိုက်ပျိုးရန် လွယ်ကူသောအပင်ဖြစ်၍ ၎င်းအားဟင်းခက်အမွှေးအကြိုင်အဖြစ် စားသုံးကြသည်။ ပင်စိမ်းပင်သည် ဇွန်လနှင့် အောက်တိုဘာလတို့တွင် အဓိကစိုက်ပျိုးနိုင်ပြီး မတ်လနှင့် ဧပြီလတို့တွင်လည်း ရေပေး၍ စိုက်ပျိုးနိုင်သလို နွေ၊ မိုး၊ ဆောင်းဥတု (၃) ရာသီစိုက်ပျိုးနိုင်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ကြောင်းသိရ သည်။ မျိုးစေ့မှ အပင်ပေါက်ရန် ၅-၁၀ ရက်ကြာပြီး စိုက်ပျိုးပြီးချိန်မှ ၄-၆ ပတ်အကြာတွင် အရွက်များစတင်ခူးဆွတ်စားသုံးနိုင်ကြောင်း၊ နေရောင်ခြည် ကောင်းစွာကြိုက်နှစ်သက်ပြီး အပင်ခြေရေမဝပ်စေရန် သတိပြုရမည်ဖြစ်၍ ပင်စိမ်းပင်စိုက်ပြီး ၃-၄ လအကြာတွင် အရွက်များအထွက်ဆုံးအချိန်ဖြစ်ကြောင်း၊ ပန်းပွင့်ပါက အရွက်ထွက်ရှိမှုလျော့နည်းသွားကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်၊ အေးမြသီတာဈေးအတွင်းရှိ ကုန်စိမ်းတန်းများတွင် ရောင်းချနေသော ပင်စိမ်း လက်ဆုပ်တစ်စီးလျှင် (၃၀၀) ကျပ်ဖြင့် တွင်ကျယ်စွာရောင်းဝယ်လျက်ရှိကြောင်း၊ ဝင်ငွေရရှိသောကြောင့်မိသားစုများ အိမ်တွင်တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ ရောင်းချကြကြောင်း၊ ကျေးရွာများရှိတောင်သူများမှလည်း ဈေးအတွင်း လာရောက်ရောင်းချကြောင်း၊ ပင်စိမ်းပင်သည်လူကြိုက် များပြီး ကိုယ်ခံအားကောင်း၍ ဆေးဖက်ဝင်သောအပင်ဖြစ်သောကြောင့် ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ဟင်းခက်အမွှေးအကြိုင်ဖြစ်သောစားသုံးကြသလို ကြက်ပင်စိမ်း ဟင်းလျာအဖြစ်လူအများ ကြိုက်နှစ်သက်စားသုံးကြကြောင်း၊ ပင်စိမ်းရွက်တွင်ပါဝင်သောအဆီ ဓာတ်များက အစာမကြေ၊ လေပွခြင်းကိုသက်သာစေခြင်း၊ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေးခြင်း၊ ခန္ဓာကိုယ်မှစိတ်ဖိစီးမှု ဟော်မုန်းလျော့ချပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးသောကြောင့် ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်ကြောင်း၊ အာဟာရကြွယ်ဝပြီးလတ်ဆတ်သော ပင်စိမ်းရွက်ကိုစားသုံးခြင်းဖြင့် ကျန်းမာရေးအရအကျိုးကျေးဇူးများစွာရရှိပြီး စိုက်ပျိုးစရိတ်ကုန်ကျမှုနည်း၍ မိသားစုတပိုင်တနိုင်ဝင်ငွေတိုးသော စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရသည်။
DOCA(မန္တလေး)