
မိုးဦးကျသည့်အချိန်မှ ပေါ်လာတတ်သည့်တညင်းသီးကို မြန်မာလူမျိုးတော်တော်များများက သဘောကျ ကြိုက်နှစ်သက်ကြပါသည်။ အတို့အမြှုပ်အနေနဲ့ဖြစ်စေ၊ ဟင်းချက်၍ဖြစ်စေ၊ ဆားရည် စိမ်၍ဖြစ်စေ စားတတ်ကြသည်။ သဲမြေထဲတွင် အပင်ဖောက်ပြီး ဒညင်းဝက်အဖြစ်လည်းစားသုံး လေ့ရှိရာ ဒညင်းသီးကိုမီးလေးအုံးပြီးတို့စားခြင်း၊ ပြုတ်စာခြင်း၊ အစိမ်းနုနုလေးကိုတို့စားခြင်းများ လည်းရှိသည်။ စေးနေအောင်ပြုတ်ထားသော ဒညင်းသီးများကို အပြားပုံစံလေးဖြစ်အောင် ထုထောင်းပြီး ပဲဆီလေးနှင့်စိမ်၍လည်းစားတတ်ကြပြီး အုန်းဆီချက်စမ်းပြီးလည်း စားကြသည်။ ဒညင်းသီးတွင်အဆိပ်အတောက်အနည်းငယ်ပါပြီး အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်သော Djenkolic acid ပါဝင်နေပါသည်။ အဆိုပါအက်ဆစ်သည် ဒညင်းသီးအဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ဒညင်းသီးကိုစားသုံးခြင်းဖြင့် ခံတွင်းနံ့ဆိုးခြင်း၊ ဆီးအနံ့နံခြင်း၊ ဝမ်းအနံ့ဆိုးခြင်းများဖြစ်စေရုံသာမက အာဟာရပါဝင်မှုနည်းသလို အဆိပ်ခပ်ပျော့ပျော့ပါနေပြီး အာဟာရဖြစ်စေမှုကို အဟန့်အတား ဖြစ်စေသည့် အရာများပါဝင်နေပါသည်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲကို အဆိပ်တွေဝင်ရောက်သည့် အခါ အသည်းကအဆိပ်များကိုဖယ်ရှားပေးပြီး ကျောက်ကပ်သည် ဆီးအနေဖြင့်အဆိပ်အတောက် များကို ပြင်ပသို့စွန့်ထုတ်ပေးခြင်းမှာ ပုံမှန်ဖြစ်စဉ်တစ်ရပ်ဖြစ်ပါသည်။ ဒညင်းသီးစားလိုက်သောအခါ တညင်းသီးတွင်ပါဝင်သော အဆိပ်ဖြစ်စေသည့်ဓာတ်သည် အသည်းကိုအရင်မရောက်ဘဲ သွေးအတွင်းသို့ရောက်သွားပါသည်။ အသည်းသည် ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်လာသော အဆိပ်အား လုံးကို ဖယ်ရှားပေးနိုင်သော်လည်း ဒညင်းသီးတွင်ပါဝင်သောအဆိပ်ကို ဖယ်ရှားမှုမပြုနိုင်သည့် အတွက် လူ့ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများကိုထိခိုက်ပျက်စီးစေနိုင်ပါသည်။ ဒညင်းသီးတွင် ပါဝင်သော အဆိပ်မော်လီကျူးများသည် ကျောက်ကပ်အတွင်းရှိ ဆီးပြွန်လေးများကိုပိတ်ဆို့စေနိုင်၍ အချိန်ကြာလာသောအခါ ကျောက်ကပ်ကိုထိခိုက်ပြီး ဆီးသွားသည့်အခါ သွေးပါလာခြင်း၊ ဆီးသွား ရခက်ခြင်း၊ ခါးနာခြင်းများကို ခံစားရနိုင်ပါသည်။ တစ်ချို့သောသူများ၏ ယူဆချက်များသည် ဒညင်း သီးကိုရေများများဖြင့်ပြုတ်လျှင် အဆိပ်များပြေပျောက်သွားနိုင်သည်ဟု ထင်မြင်ယူဆကြ သော်လည်း အမှန်တွင်အဆိပ်များပြေပျောက်ပျက်ပြယ်ခြင်းမရှိဘဲ များများစားသုံးမိလျှင် အသက် အန္တရာယ်ကိုထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်၍ မိမိတို့၏ကျန်းမာရေးအတွက် အဟာရမဖြစ် အဆိပ်အတောက်ဖြစ်စေသော ဒညင်းသီးစားသုံးခြင်းကို ဂရုပြုရှောင်ရှားသင့်ပါသည်။
DOCA(မန္တလေး)