“ဟင်းငုတ်ပွင့်များဖြိုင်ဖြိုင်ထွက်ရှိ”

Powered by Drupal
Mon, 05/26/2025 - 13:59 -- consumer_admin

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ရေစီးရေလာနှင့် မြေဆီဩဇာ ကောင်းမွန်သောဒေသဖြစ်သည့်အလျောက် စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနှံများနှင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများအပြင် အလေ့ကျပေါက် ဆေးဖက်ဝင်အပင်များလည်း ပေါက်ရောက် ဒေသဖြစ်ပါသည်။ ၎င်းအပင်များအနက် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဟင်းငုတ်ပွင့်(ခ) သခွပ်ပွင့်များမှာ ဧပြီလဆန်းမှ စတင်ဖူးပွင့်နေပြီဖြစ်ပါသည် ။ ဟင်းငုတ်ပင်များ အများဆုံး ပေါက်ရောက်သော အညာဒေသတွင် ဟင်းငုတ်ပွင့်များကို ဈေးများတွင် ရောင်းချလျက်ရှိပါသည်။ ဆေးဖက်ဝင်အရသာရှိသော ဟင်းငုတ်ပွင့်အခြောက် လက်လီရောင်းဈေးအနေဖြင့် တစ်ဆယ် ကျပ်သား လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချကြသလို ဈေးများတွင် အပုံလေးများပုံ၍ တစ်ပုံလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း ၊ ဖောက်သည်ဈေးအနေဖြင့် ဟင်းငုတ်ပွင့်အခြောက် တစ်ပိဿာ လျှင်(၈၀၀၀)ကျပ်ဖြင့် ဝယ်ယူရောင်းချကြပါသည် ။ ဟင်းငုတ်ပွင့်အပင်ကြီး (၂-၃)ပင် ရှိသောသူများမှာ ရာသီပေါ်ချိန်တွင် တစ်နှစ်လျှင်ဟင်းငုတ်ပွင့်အခြောက်(၉-၁၀)ပိဿာအထိ ရရှိကြောင်း၊ အိမ်သုံးစရိတ်များ ရရှိသည့်အပြင် ဟင်းစားအတွက်လည်း မပူရကြောင်း၊ ဟင်းငုတ်ပွင့် ကိုပြုတ်၍ တို့စရာ အဖြစ်စားသုံးကြသလို၊ ဆီမွှေ့သပ်၍ ကြက်သွန်နီကြော်၊ မြေပဲဆံများနှင့် အသုပ်သုပ်၍ စားကြသည့် အပြင် ဟင်းငုတ်ပွင့်ကို ကြော်၍လည်း စားသုံးကြပါသည်။ ဟင်းငုတ်ပွင့် ခြောက်ကို ရေနွေးထဲသို့ ခပ်၍ စားသုံးပါက အဆိပ်အတောက်ကို ပြေစေပါသည်။ တချို့အိမ်ရှင်မ များမှာ ဟင်းငုတ်ပွင့်အခြောက်ကို ရေနွေးဖျော၍ ကြာဇံဖြင့် လက်သုပ်သုပ်စားကြကြောင်း၊ တစ်နှစ် မှ တစ်ခါသာပေါ်သော ဆေးဖက်ဝင် ဟင်းငုတ်ပွင့်ကို ဝယ်ယူ၍ စားသုံးသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)