မင်းဂွတ်သီးနှင့်ကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal
Mon, 05/26/2025 - 11:10 -- consumer_admin

    မင်းဂွတ်ပင်သည် ပူပြင်းစိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် တနင်္သာရီတိုင်း၌ ထိုအပင်များကောင်းစွာဖြစ်ထွန်းကြသည်။ထိုကြောင့် တနင်္သာရီတိုင်းတွင်မြေသြဇာထက်သန်သည့် ချိုင့်ဝှမ်းရပ်များနှင့်ပင်လယ်ကမ်းတလျှောက်ရှိတောင်ခြေများ၌ မင်းဂွတ်ခြံကြီးများတွေ့မြင်ရသည်။

    အစေ့ကို အဓိကစိုက်ပျိုးကြပြီး(၁၀)နှစ်ကျမှ အသီးသီးနိုင်သည်။မင်းဂွတ်ပင်များကို တစ်ပင် နှင့်တစ်ပင် ပေ(၂၀)စီခွာ၍ စိုက်ပျိုးကြသည်။မင်းဂွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလမှစ၍ မတ်လဆန်းအထိ အပွင့်များပွင့်သည်။မိုးဦးနှင့်မိုးလယ်လများဖြစ်သော မေလနှင့်သြဂုတ်လ အတွင်း အသီးများမှည့်ကြသည်။မင်းဂွတ်သီးသည်လိမ္မော်သီးပုံသဏ္ဍာန်ကဲ့သို့ရှိသော်လည်း လိမ္မော်သီးထက် ငယ်သည်။အရောင်မှာ သီးစ၌ စိမ်း၍မှည့်သောအခါနီညို၍မှောင်သောအရောင်ရှိသည်။မင်းဂွတ်သီး ၏အခွံမှာ ထူ၍မာ၏။အခွံအတွင်း၌ အဖြူရောင်အသားရှိသောအမွှာပေါင်း ၄ မွှာမှ ၈မွှာ ထိပါလေ့ ရှိ သည်။အသားမှာနူးညံ့၍ချိုပြီးအေးသောအရသာရှိသည်။မြန်မာနိုင်ငံရှိလူအများသည် ဒူးရင်းသီးကို စားသုံးကြပြီး နောက် မင်းဂွတ်သီးကိုစားသုံးလေ့ရှိကြသည်။ဒူးရင်းသီး၏သဘာဝမှာ အပူများ၍ မင်း ဂွတ်သီးတွင်အေးသောသဘာဝဓာတ်ပါဝင်သဖြင့် အပူအအေးမျှတအောင် စားသည်ဟုဆိုကြသည်။

   မင်းဂွတ်သီးတွင် အာဟာရအနေနဲ့ ကယ်လ်လိုရီ၊ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊အဆီဓာတ်၊ ပရိုတင်း၊ဗီတာမင် C၊ဗီတာမင်B1,B2,B9၊မဂ္ဂနိမ်၊မဂ္ဂနီဆီယမ်တို့ပါဝင်သဖြင့် နှလုံးကျန်းမာစေခြင်း၊ နာကျင်ကိုက်ခဲမှုသက်သာစေခြင်းဦးနှောက်စွမ်းဆောင်ရည်ကောင်းမွန်စေခြင်း၊အရွယ်တင်နုပျိုခြင်း၊ဆီးချိုကျစေခြင်း၊ကင်ဆာရောဂါ ကာကွယ်ပေးခြင်း စသည့်ကောင်းကျိုးများရရှိစေနိုင်ကြောင်း ရေး သား လိုက်ရပါသည်။

DOCA(တနင်္သာရီ)