ရာသီပေါ်မင်းကွတ်သီးအကြောင်းသိကောင်းစရာများ

Powered by Drupal
Fri, 05/23/2025 - 14:06 -- consumer_admin

   မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ့်မွေ့သော အသွင်အပြင်နှင့်အနံ့အရသာတို့ကြောင့် တန်ဖိုးရှိလှတဲ့ သစ်သီးပင်ဖြစ်ပါသည်။ မင်းကွတ်သီးကို လတ်လတ်ဆတ်ဆတ် အသီး ကို စားသုံးနိုင်သလို စည်သွပ်ဗူးများ၊ အခြောက်ခံထုတ်လုပ်ပြီးလည်း စားသုံးမှုများသော အသီးပင် ဖြစ်ပါသည်။ မင်းကွတ်ပင်ကို ကင်ဆာရောဂါများအတွက် တိုင်းရင်းဆေးအဖြစ် အသုံးပြုရန်ဖော်ပြ ထားသော်လည်း လက်တွေ့လေ့လာအသုံးပြုမှုများနည်းပါးနေသည်ကိုလေ့လာတွေ့ရှိရပါသည်။ မင်းကွတ်သီးပင်သည်အပူအအေးမလွန်ကဲဘဲ သမပိုင်းရာသီဥတုကို နှစ်သက်သောအပင်ဖြစ်ပြီး ပူအိုက်၍မိုးများသောဒေသကို နှစ်သက်သော်လည်း အလွန်ပူပြင်းသောနေရှိန်ကိုမနှစ်သက်သော အပင်တစ်မျိုးပင်ဖြစ်ပါသည်။ရေကြိုက်သောအပင်ဖြစ်သောကြောင့် အစိုဓာတ်ထိန်းထားနိုင်သော မြေနု(သို့မဟုတ်) နုန်းမြေတွင်ဖြစ်ထွန်းသည်။ ထို့ကြောင့် ချောင်းမြောင်းဘေးမြေနိမ့်ပိုင်းများ တွင်ဖြစ်စေ၊ လျှိုမြောင်များအတွင်း၌ဖြစ်စေ စိုက်ပျိုးပါက ပို၍ဖြစ်ထွန်းသည်။ အကာအကွယ်မဲ့ သော လွင်ပြင်တွင် စိုက်ပျိုးပါက အပင်ဖြစ်ထွန်းနှေးသည့်အပြင် အသီးနည်းသည်ကို တွေ့ရ တတ်သည်။စိုက်ပျိုးမည့်နေရာသည်မြေရိုင်းဖြစ်နေပါကခုတ်ထွင်ရှင်းလင်းပြီးထယ်ထိုး၍မြေပြုပြင် ပေးရမည်။ ထိုနောက် အနက်(၃)ပေ၊ အကျယ်(၂)ပေရှိသော စိုက်ကျင်းတူး၍ အပေါ်မြေနှစ်ဆနှင့် နွားချေးတစ်ဆရော၍ ကျင်းကို ပြန်ဖိုပေးရမည်။ အရိုးမှုန့်ထည့်ပေးနိုင်ပါကပို၍ကောင်းသည်။ ကျင်းများမှာ တစ်ကျင်းနှင့် တစ်ကျင်း အနည်းဆုံး ပေ(၃၀)စီကွာရမည်။မျိုးစေ့များကို အသီးသီး၍ရောဂါကင်းပြီး သန်မာသောအပင်ပျိုမှယူရမည်။ အစေ့ကိုစိုက်သော မင်းကွတ်ပင်သည် (၁၀) နှစ်သားခန့်တွင် အသီးသီးပြီး နောက်အနှစ် (၄၀) ခန့်အထိ သီးနိုင်သည်။ နှစ်စဉ် အသီး ထွက်နှုန်း တစ်သမတ်တည်းမရှိဘဲ (၃) နှစ်တစ်ကြိမ်ခန့် လျော့သွားတတ်သည်။ မျိုးစေ့များကို ဝါးကျည်တောက်ထဲတွင် ပျိုးနိုင်ပါက ကောင်းမွန်သည်။​ ဤကဲ့သို့ ပျိုးပါက ဝါးကျည်တောက် များကို  မြောင်းထဲတွင် မြေနှင့်အညီစီ၍ မြှုပ်ထားလျှင် ရေလောင်းရာတွင် လွယ်ကူသည်။ အကယ်၍ဝါးကျည်တောက်မရနိုင်ပါက (၆) လက်မခန့်မြင့်သော ဘောင်ဖော်၍ ထိုဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ (၁) ပေခန့်ခွာ၍ ပျိုးထောင်နိုင်သည်။ရပ်ဝေးသို့ပို့ဆောင်ရန် မမှည့်မီခူးရသည်။ ခူးရာတွင် ဝါးလုံးအဖျားတွင် ဓားကိုချည်နှောင်၍မြေပေါ်မှနေပြီး အခိုင်အညှာကို ဖြတ်ကြရာ မင်းကွတ်သီးများမြေပေါ်သို့ကျကြသည်။ မင်းကွတ်သီးသည် အခွံမာသည်ဟု ဆိုစေကာမူ အမြင့်မှ ကျသဖြင့် ဒဏ်ရာရမည်မှာအမှန်ပင်ဖြစ်ပြီးဒဏ်ရာရသည်နှင့်အမျှ အသီး အရည်အသွေးကို ထိခိုက် စေမည်။ ထို့ကြောင့်ဝါးလုံးထိပ်တွင် ခြင်းကပ်၍ဖြစ်စေ၊ လှေကားပြုလုပ် ၍ဖြစ်စေ တယုတယ ခူးရန် လိုအပ်ပါသည်။

   အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီး ကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့် တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါသည်။ နောက်တစ်ခုကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါသည်။မင်းကွတ်သီးစားသုံးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများစွာရှိပါသည်။မင်းကွတ်သီးမှာ ကယ်လိုရီပါဝင်မှုက အရမ်းကိုနည်းပါးသောကြောင့် ခန္ဓာကိုယ် အလေးချိန် လျော့ကျဖို့ ကြိုးစားနေတယ် ဆိုရင်တော့ မင်းကွတ်သီးကို စားသုံးပေးသင့်ပါသည်။မင်းကွတ်သီးမှာ ဗီတာမင်စီ ပါဝင်ခြင်းဟာ အအေးမိ ဖျားနာခြင်းလိုမျိုး ပြင်ပကနေ ပိုးမွှားတွေ ဝင်ရောက်ခြင်းကြောင့် ဖျားနာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်ပြီး ခန္ဓာကိုယ်ထဲမှာ ဆဲလ်အသစ်တွေ ပေါ်ပေါက်လာစေဖို့ အတွက် အထောက်အကူပြု ပါသည်။ မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့်အပြင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးနာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါသည်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတာကြောင့် အမြင်အာရုံလည်း တိုးတက်ကောင်းမွန်စေပါသည်။မင်းကွတ်သီး စားသုံးခြင်းဟာ အမျိုးသမီးတွေ အတွက် အထူးသင့်တော်စေပါသည်။မင်းကွတ်သီးဟာ ရာသီမလာခင်မှာ ဖြစ်တတ်သည့် ဗိုက်အောင့်ခြင်း၊ စိတ်တိုလွယ်ခြင်းစတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါကြောင်း လေ့လာ တွေ့ရှိရပါသည်။မင်းကွတ်သီးမှာ ဘက်တီးရီးယားတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေများစွာ ပါဝင်သောကြောင့် ဝက်ခြံ၊ အသားအရေ မညီညာခြင်း၊ အဆီပြန်လွန်ခြင်းနဲ့ အသားအရေ ခြောက်သွေ့ခြင်းစတဲ့ အသားအရေပြဿနာတွေကို မင်းကွတ်သီး စားခြင်းဖြင့် ကုသနိုင်ကြောင်း လေ့လောတွေ့ရှိရပါသည်။ထို့ကြောင့် အကျိုးကျေးဇူးများစွာရရှိစေသော ရာသီပေါ်အသီးအနှံ တစ်မျိုးအဖြစ် မင်းကွတ်သီးကို စားပေးသင့်ကြောင်းအကြံပြုအပ်ပါသည်။

DOCA(မန္တလေး)