သင်္ဘောပင်စိုက်ပျိုးနည်းနှင့်သင်္ဘောသီး၏ကျန်းမာရေးအကျိုးကျေးဇူး

Powered by Drupal
Fri, 05/23/2025 - 14:02 -- consumer_admin

   သင်္ဘောပင်သည် ပူအိုက်စွတ်စိုသော ဒေသကို ကြိုက်နှစ်သက်ပြီး အပူပိုင်းနှင့် အပူလျော့ ဒေသများတွင်အများဆုံး စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် အနှံ့အပြား စိုက်ပျိုးကြသော်လည်း မိုးများလွန်းခြင်း၊ ရေဝပ်ခြင်းကို မကြိုက်သောအပင်ဖြစ်ပြီး သင်္ဘောပင်တွင် အဖိုပင်၊ အမပင်၊ လိင်စုံပင်ဟူ၍ အဓိက သုံးမျိုးရှိသည်။ အမပင်နှင့် လိင်စုံပင်များမှာ အသီးသီးသည်။ အဖိုပင်သည် ပန်းပွင့်စောထွက်လေ့ရှိပြီး အခိုင်လိုက်ပွင့်သည်။ ပုံမှန်အဖိုသည် အသီးသီးလေ့ မရှိသော်လည်း အပင်ထိပ်ပိုင်းဖြတ်ပေးခြင်းဖြင့် အဖိုပွင့်များကြားတွင် အမပွင့်များ ဖြောင့်လာကာ အသီးငယ် သီးလာတတ်သည်။ ၎င်းကို သင်္ဘော ပဒေသာပင် ဟုခေါ်ကြသည်။အမပင်သည်အပွင့် ပွင့်သဖြင့် မျိုးအောင်ရန်အတွက် အခြားအပင်မှ ဝတ်မှုံကူးပေးရသည်။ ထို့ကြောင့် စီးပွားဖြစ်စိုက်ခင်းများတွင် အမပင် ၂၀-၃၀ ပင်လျှင် အထီး တစ်ပင် စိုက်ပေးရမည်။ လိင်စုံပင်သည် ပွင့်ရာတွင် ပွင့်တံတစ်ခုမှ အပွင့်နှစ်ပွင့်၊ သုံးပွင့် ပွင့်တတ်သည်။ အပွင့်များတွင် အမ အင်္ဂါနှင့် အဖိုအင်္ဂါများ ပါရှိသည်။ရာသီဥတု အပေါ် မူတည်၍ အဖိုပွင့်၊ အမပွင့်များ ရော၍ ပွင့်လာတတ်သည်။ သင်္ဘောပင် စိုက်ပျိုးရာတွင် အပင်ပုပုနှင့် အသီးများများသီးရန် လိုအပ်သည်။ အပင်ရှည်သွားပါက အသီးနည်းပြီး အသီးငယ်တတ်ပါသည်။ အဓိက စိုက်ပျိုးချိန်ကို သတိထားရမည်ဖြစ်သည်။ သင်္ဘော စိုက်ပျိုးရေးတွင် ပညာပေးစာစောင်တစ်ခုတွင် ကဆုန်လမှ ဝါဆိုလ (နွေနှောင်းမိုးဦးကျ) ဟု ဖော်ပြထားသည်။သင်္ဘောပင်တို့သည် နှစ်လမှ ငါးလတွင် အပွင့်ပွင့်တတ်ပြီး ပန်းပွင့်ပြီးနောက် နှစ်လကြာလျှင် အသီးရင့်မှည့်သည်။ ထို့ကြောင့် မိုးနှောင်းတွင် စိုက်ပျိုးလျှင် နွေအကုန်တွင် အပွင့်ပွင့်မည်၊ သီးမည်ဖြစ်ပြီးမိုးတွင်းကာလ၌ ဆက်လက်ပွင့်သီးပြီး မိုးတွင်ပွင့်က အသီးတင်နည်းခြင်း တို့ကြောင့်ဖြစ်သည်။ နွေနှောင်းတွင် စိုက်ပျိုးပါက အပင်သည် ကြီးထွားဆဲ ကာလ၊ အပင်နှစ်လသားမှ ငါးလသားအထိ မိုးတွင်းကို ဖြတ်သန်းရမည်။ ထို့ကြောင့် အပင်ကြီးထွားနှုန်း ကောင်းပြီး အပင်အရပ်မြင့်သွားနိုင်သည်။သိုလှောင်ထားသော မျိုးစေ့များကို စိုက်ပျိုးပါက သုံး၊ လေးနာရီ ရေစိမ်ပြီးမှ စိုက်ပျိုးသင့်ပါသည်။ အစိုစိုက်ပါက အကျိအချွဲများဖယ်၍ ရေမစိမ်ဘဲ စိုက်ပျိုးနိုင်သည်။ သင်္ဘောပင် စိုက်ပျိုးရာတွင် အစေ့ကို ပျိုးထောင် စိုက်ပျိုးလေ့ရှိကြပြီး တချို့က အပင်များမှ အတက်များကို အရင်းပိုင်းမှ အဖုလေးများပါအောင်ဖြတ်ယူပြီး ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ပျိုးထောင်မြေသည် နွားချေးဆွေး၊ သဲ၊ မြေကြီးတို့အတူ ရောစပ်ထားသောမြေကို ပလတ်စတစ်အိတ်တွင် ထည့်ထားပြီး နှပ်ထားရန် လိုအပ်သည်။ သင်္ဘောစေ့ကို အိတ်ထဲထည့်ရာတွင် မြေနက်နက်ဖုံးမိပါက အစေ့ပုပ်သွားတတ်သည်ကိုတွေ့ ရှိရပါသည်။ ဘောင်ပေါ်တွင် စိုက်ပါက တစ်တန်းနှင့်တစ်တန်း ခြောက်လက်မခြား၍ တစ်ပင်နှင့်တစ်ပင် လေးလက်မထားပြီး ပျိုးထောင်ရပါမည်။ပျိုးပင်တစ်လခွဲသား၊ နှစ်လတွင် အမြင့် ငါးလက်မ၊ ခြောက်လက်မခန့်ရှိသောအပင်ကို စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပါ။ တစ်ဧကစိုက်ခင်းအတွင် မျိုးစေ့ ၁၅၀-၂၀ဝ ဂရန်ခန့်လိုအပ်ပါသည်။ အဖိုပင်သည် အမပင်ထက် ပို၍သန်စွမ်းသည်။

   မြန်မာနိုင်ငံမှာ လူကြိုက်များပြီး၊ လွယ်လွယ်ကူကူရတဲ့ သင်္ဘောသီးဟာ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာကို ကောင်းမွန်စေပြီး၊ ရောဂါများစွာကိုလည်း ကာကွယ်နိုင်တယ်လို့ ကျန်းမာရေး ပညာရှင်များဖော်ပြထားသည်ကိုစိစစ်တွေ့ရှိခဲ့ပါသည်။သင်္ဘောသီးမှာ အဆီဓာတ် မပါသလောက်ဖြစ်ပြီးသကြားဓာတ်လည်းနည်းနည်းပါပြီးအာဟာရဖြစ်စေတဲ့ ဗီတာမင်မျိုးစုံ၊ သတ္ထုဓာတ်တွေ၊ ဓာတ်ဆားနဲ့ အမျှင်ဖိုင်ဘာတွေ များစွာပါဝင်နေတာကြောင့် ကျန်းမာရေး ကောင်းကျိုးတွေ ထူးထူးခြားခြား ဖြစ်စေပြီးသင်္ဘောသီးမှာပါတဲ့ ဗီတာမင် စီနဲ့ အီးအပြင် Anti-Oxidants ဓာတ်ကြောင့် အသားအရေပေါ် လူးပေးပါက အသားအရည် ပျက်စီးမှုကို ကာကွယ်ပေးပြီး အသားအရည်ကို နုပျိုလှပစေတာကြောင့် အလှကုန်ပစ္စည်းတွေမှာ အသုံးများလေ့ရှိပါတယ်။သင်္ဘောသီး ကိုစားခြင်းဖြင့်လည်းသင်္ဘောသီးတွင်ပါဝင်သည့် အမျှင်ဓာတ် ကြောင့် ဆာလောင်မှုကို ထိန်းထားနိုင်ပြီး ကိုယ်အလေးချိန် လျော့ချရာမှာ စားဖို့ အလွန်အသုံးဝင်ပါသည်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ Papain အင်ဇိုင်းကြောင့် အစာကျေလွယ်ပြီး ရင်ပြည့်မှုကို ကာကွယ်ကာ၊ ဝမ်းကိုလည်း ပျော့ပြောင်းစေတာကြောင့် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်နိုင်ပါသည်။သင်္ဘောသီးမှာပါတဲ့ Anti-Oxidants ကြောင့် ကင်ဆာများစွာကနေ ကာကွယ်ပေးနိုင်တာအပြင်၊ အမျိုးသမီးတွေအတွက်ဆိုရင် သင်္ဘောသီးမှာ နောက်ထပ်ပါသေးတဲ့ Beta Cryotoxanthin၊ Lutein၊ Zeaxanthin ဓာတ်တွေနဲ့ ဗီတာမင် စီ တို့ကြောင့် သားအိမ်ကင်ဆာ ဖြစ်စေတဲ့ HPV ဗိုင်းရပ်ပိုးကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

   အမျိုးသမီးတွေအတွက်လည်း ရာသီလာချိန် သွေးများများမဆင်းအောင် သင်္ဘောသီးစိမ်း ဖျော်ရည်သောက်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ်ဝန်ဆောင်စဉ် ပျို့အန်တာတွေကနေ ကာကွယ်နိုင်ဖို့ နေ့စဉ် သင်္ဘောသီးမှည့် စားပေးသင့်ပါသည်။ထို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိသော သင်္ဘောသီးမှည့်များကို စားပေးသင့်အကြောင်း အကြံပြုအပ်ပါသည်။

DOCA(မန္တလေး)