
ကန်စွန်းရိုးနီသည် တစ်နှစ်(သို့မဟုတ်) နှစ်ကြာခံရေလျှောက်ပင် ဖြစ်ပါသည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်သည်။ အဆစ်များမှ အမြစ်ထွက်သည်။ အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်တတ်သည်။ အရွက်များသည် အရွက်လွှဲထွက်သည်။ (၃-၆)လက်မခန့်ရှည်လျားသည်။ လှံရွက်ပုံစံ သို့မဟုတ် သုံးထောင့်ပုံစံဖြစ်သည်။ အရွက်၏ထိပ်သည် အလွန်ချွန်သည်။ ရွက်ရင်းမြှားသွားပုံရှိသည်။ အရွက်နားသည် ခရမ်းရောင်သမ်းသည်။ အပွင့်သည် အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ သီတင်းကျွတ်လမှ တပို့တွဲလအတွင်းပွင့်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ ရေမြောင်းရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျပေါက်ရောက်သော အပင်မျိုး ဖြစ်ပါသည်။ စိုက်ပျိုးပင်အဖြစ်လည်း စိုက်ပျိုးကြပါသည်။
ကန်စွန်းရိုးနီ၏ အရွက်ကို မီးလောင်နာ၊ ရေငတ်နာ၊ ဆီးနှင့်ပတ်သတ်သော ရောဂါများ ပျောက်ကင်းစေရန်အတွက်လည်းကောင်း အဆိပ်အတောက်ပြေစေရန် အတွက်လည်းကောင်း အသုံးပြုကြပါသည်။ အရွက်ကိုဟင်းချက်၍စားသော် သွေးဝမ်းရောဂါများလည်း ပျောက်ကင်းစေ၏။ ကန်စွန်းရိုးနီအရွက်ကို ပြုတ်၍သောက်ပါက ရင်ပြည့်ဝမ်းကျရောဂါကို ပျောက်ကင်းစေသည်။ ပဲခူးဈေးထဲတွင် ကန်စွန်းရိုးနီ တစ်စည်းလျှင် (၂၅၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသော ကန်စွန်းရိုးနီကို စားသုံးပေးသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)