ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ ဝါးခမောက်လုပ်ငန်း

Powered by Drupal
Wed, 05/21/2025 - 11:29 -- consumer_admin

              ဖြူးမြို့နယ် ညောင်ကားယာကျေးရွာရှိ တောင်သူလယ်သမားများသည် လယ်ယာလုပ်ငန်း မှ အားလပ်သည့်အချိန်များတွင် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိ ပါသည်။ ဝါးခမောက်ပြုလုပ်ရာတွင် အဓိက ကုန်ကြမ်းဖြစ်သော ဝါးဖတ်များကို ရန်ကုန်တိုင်းဒေသ ကြီး တိုက်ကြီးမြို့နယ်မှ မှာယူစုဆောင်းထားရပါသည်။ ဝါးကိုမူ ဖြူးမြို့၌ပင် ဝယ်ယူရရှိနိုင်ပါသည်။

              ဝါးခမောက်ပြုလုပ်ရာတွင် ကြက်သောင်းဝါး ကိုခွဲစိပ်၍ ဝါး ခွေပြုလုပ်ရပါသည်။  ဝါးဖတ်ကို အဝိုင်းဆိုဒ်တိုင်းပြီး ကပ်ကြေးဖြင့် ညှပ်ရပါသည်၊ ပုံဖေါ်ညှပ်ထားသော ဝါးဖတ်များကို ကွပ်ဝါး တပ်၍ ဝါးညှပ်တံဖြင့်ဖိပြီး ချည်ကြိုးဖြင့်ချုပ်ရပါသည်။ အပေါ်ခွံအုပ်လေး ပြုလုပ်ရန်အတွက် ဝါးဖတ် အတိုအစလေးများအား ညီညာစွာဖြတ်တောက်၍ အလှဆင်ချုပ်လုပ်ရပါသည်။ ထို့နောက် ပျား ဖယောင်းဖြင့် ဝါးခမောက်အား အချောကိုင်ပွတ်တိုက်၍ ဝါးခမောက်အပေါ်ခွံအုပ်တည့်တည့်တွင် အချောကိုင်ထားသော လက်ပံဆူးဘုကလေး တပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်းသော ဝါးခမောက် တစ်လုံး ရရှိပါသည်။

              ဝါးခမောက်များကို တစ်လုံးလျှင် ၃,၅၀၀ ကျပ်ဖြင့် ဖြူးမြို့၊ တောင်ငူမြို့၊ ညောင်လေးပင် မြို့၊ ဒိုက်ဦးမြို့များရှိ အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးများသို့ ပို့ဆောင်ပေးရကြောင်း ဝါးခမောက်ပြုလုပ်သူ ဒေါ်မြင့်မြင့်ခိုင်ထံမှ သိရပါသည်။

DOCA (ပဲခူး)