
လူအများစုသည် ဖရဲသီးစားသုံးလျှင် အရည်ရွှမ်းပြီး ချိုမြနီရဲသော အသားကိုသာ စားသုံးကြပါ သည်။ သို့သော် ဖရဲသီးအခွံကိုလည်းစားသုံး၍ ရကြောင်းကိုလည်းသိရှိရပါသည်။ ဖရဲသီးအသားမှာကဲ့သို့ ဖရဲသီးအခွံတွင်လည်း ရေဓာတ်အပြည့်အဝပါဝင်ပါသည်။ ထိုကဲ့သို့ ရေဓာတ်အပြည့်အဝပါဝင်သော ကြောင့် ကျောက်ကပ်၏ စွန့်ထုတ်နိုင်စွမ်းကို ပို၍ကောင်းမွန်စေပါသည်။ ရေဓာတ်အလုံအလောက် ရရှိသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာအောင် အထောက်အကူပြုနိုင်ပါသည်။ ဖရဲသီး၏အခွံ အသားသည် ဗီတာမင် C၊ B6 နှင့် A တို့ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်ဆီယမ်နှင့် ဇင့်တို့ကိုလည်း ပမာဏ အသင့်အတင့် ရရှိစေနိုင်ပါသည်။
ဖရဲအခွံတွင်ပါဝင်သော ပိုတက်ဆီယမ်သည် ကျောက်ကပ်ထဲမှ အက်ဆစ်ပမာဏကို ထိန်းညှိပေး သောကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါသည်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်တွင် တည်နေသောကျောက်များကို ကြေကျစေနိုင်ပြီး စွန့်ထုတ်ရလွယ်ကူစေပါသည်။ ဖရဲသီးအခွံ၏ ရေဓာတ်ဖြည့်တင်းနိုင်စွမ်းနှင့် ဆီးရွှင်စေသောအာနိသင်သည် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ကို ကုသရာတွင် ထိရောက်စေပါသည်။ ထို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်သောလက္ခဏာ စတွေ့ပြီဆို လျှင် ဖရဲသီးအခွံကို ဖျော်ရည်ပြုလုပ်၍ သောက်သုံးနိုင်ပါသည်။
ဖရဲခွံသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်သည်ဆိုသော်လည်း တန်ဆေးလွန်ဘေးဖြစ် သောကြောင့် သင့်တင့်သောပမာဏကိုသာလျှင် စားသုံးသင့်ပါသည်။ ဖရဲသီးနှင့် ဓာတ်မတည့်သောသူများ သည် ဖရဲခွံကိုလည်း မစားသုံးသင့်ပါ။
DOCA (ပဲခူး)