သခွတ်ပန်း

Powered by Drupal
Wed, 05/21/2025 - 11:09 -- consumer_admin

    မြန်မာနိုင်ငံဒေသအနှံ့အပြား၌ ပေါက်ရောက်သည့် ဖြူဖြူဖွေးဖွေး အပွင့်ကားကား သခွတ်ပွင့်ကို ဟင်းငုတ်ပွင့်၊ ဟင်းခတ်ပွင့်ဟု ဒေသအလိုက် ခေါ်ဆိုတတ်ကြသည်။ သခွတ်ပင်သည် နွေအခါတွင် အရွက်ကြွေသော အပင်မျိုးဖြစ်သည်။ မလွှပင်၊ ကြောင်လျှာပင်တို့ကဲ့သို့ မျိုးရင်းဝင် ဖြစ်သည်။ ရုက္ခဗေဒအမည်အားဖြင့်  ဒိုလီချန်ဒရုန်းကရစ္စပါဟု ခေါ်သည်။ သခွတ်ပင်သည် ပေ ၄၀ မှ ပေ ၆၀ အတွင်း မြင့်သည်။

  သခွတ်ဖိုပင်နှင့် သခွတ်မပင်ဟူ၍ သခွတ်ပင်အမျိုး အစားနှစ်မျိုးရှိသည်။ သခွတ်ဖိုပင်ကို မြန်မာနိုင်ငံအက်ပိုင်း၌  အများဆုံးတွေ့ရ၍   သခွတ်မပင်ကို မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ တွေ့ရသည်။ သခွတ်ပင်များကို စစ်ကိုင်း၊ ပျဉ်းမနားနှင့် သံတွဲမြို့တို့၌  ပေါပေါများများ တွေ့နိုင်သည်။ မန္တလေး တိုင်းဒေသအတွင်း၌လည်း လမ်းဘေးဝဲယာတစ်လျောက် အလေ့ကျပေါက်ရောက်လျှက်ရှိသည်။

     သခွတ်ပင်၏အရွက်သည် အလျား လက်မခန့်ရှိ၍ အဖျားချွန်သည်။ တစ်ခါတစ်ရံ အရွက်နှုတ်ခမ်းသားမှာ ခွေးသွားစိပ်ကဲ့သို့ ဖြစ်နေတတ်သည်။ အရောင်မှာ အစိမ်းရင့်ရောင်ပြောင် လက်နေသည်။ ယခုအချိန်တွင် ရွက်ဟောင်းများကြွေကျပြီး ရွက်သစ်အဖူးများ ဖြိုင်ဖြိုင်ထွက် ပေါ်လျှက်ရှိပြီး သခွတ်ပွင့်များ စတင်ကောက်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။ သခွတ်ပွင့်သည် မလွှပွင့်ကဲ့သို့ အဝကား၍ နံနက်စောစောအချိန်တွင် အပင်မှ ကြွေကျလေ့ရှိသည်။ အနီရောင်အဆင်းရှိသော အပွင့်ပွင့်သည့် သခွတ်ပင်မျိုးရှိသော်လည်း အနီမျိုးမှာရှားပြီး တွေ့ရခဲသည်။ မြန်မာဆေးကျမ်းများအဆိုအရ သခွတ်ပွင့်အနီ၊ အဖြူနှစ်မျိုးစလုံး ချို၊ ဖန်၊ ခါးအရသာ ရှိ၏။  အေး၏။  အစာကိုပွစေတတ်၏။ သွေး၊ သလိပ်ကိုနိုင်၏ဟုဆိုသည်။

      ဥတုဘောဇနကျမ်းအရ သခွတ်ပွင့်သည် ချို၊ ဖန်၊ ခါး အရသာရှိ၏။ အေး၏။ အစာကို မျှစေတတ်၏။ သွေး၊ သလိပ်တို့ကိုနိုင်၏။ ပန်းနာ၊ ရင်ကျပ်ရောဂါ၊ အော့အန်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းဖောခြင်း၊ ဆီးအောင့်ခြင်း၊ သွေးအန်ခြင်း၊ သွေးကျခြင်း၊ ကြို့ထိုးခြင်း၊ လေနာရောဂါ ဖြစ်ခြင်း တို့ကို ပျောက်စေတတ်၏ ဟုဆိုထားသည်။ သခွတ်ပွင့်ကိုပြုတ်၍ သုပ်စားနိုင်သကဲ့သို့ ချက်စားပါက အသံဝင်သူများ အသံထွက်လာသည်။ အသည်းအဆီဖုံးခြင်း၊ အသည်းခြောက်ခြင်း၊    အသည်းရောင် အသားဝါ စသည့် အသည်းရောဂါအမျိုးမျိုးတို့အတွက် သခွတ်ပွင့်က လွန်စွာဆေးဖက်ဝင်သည်။

            သွေး၊ လေကျေစေကာသွေးကို သန့်စင်စေသဖြင့် အမျိုးသမီးများအတွက်  အလွန်ကောင်းသည့် ဓာတ်စာဖြစ်သည်။ အခါးဓာတ်ကြောင့်   အသည်းကိုလွန်စွာကောင်း ကျိုးပြုသည်။  ဆီးချို၊ သွေးချို ရောဂါရှိသူများလည်း အထူးစားသင့်သည်။      ခန္ဓာကိုယ်ထဲ  သွေး၊ လေလည်ပတ်မှု အားကောင်း သဖြင့်   လေငန်းရောဂါအတွက်ကောင်းကျိုးပြုသည်။   သွေးတိုးရောဂါရှိသူများ  သခွတ်ပွင့်၏ဝတ်ဆံကိုဖယ်ပြီး အသင့်အတင့်စားနိုင်သည်။ ကလေးများရေကျောက် ပေါက်လျှင် သခွတ်ပင်၏ အရွက် ပြုတ်ရည်ကို  တိုက်ကျွေးနိုင်သည်။

       ခြေ၊ လက်ကိုက်ခဲလျှင် သခွတ်ပင်၏အရွက်၊ အခေါက်တို့ကိုပြုတ်၍ ယင်းပြုတ်ရည်ဖြင့် ရေချိုးပါက ကိုက်ခဲမှုကို ပျောက်ကင်းနိုင်သည်။ မျက်စိနာလျှင် သခွတ်ပင်၏အခေါက်ကို သွေးလိမ်း နိုင်သည်။ သခွတ်ပွင့်၏ ဝတ်ဆံသည် အလွန်ခါးသဖြင့် အခါးကြောက်သူများက    ဝတ်ဆံကိုဖယ်၍ စား ကြသည်။

    သခွတ်ပွင့်တွင်  ရေငွေ့ဓာတ်များသဖြင့် ပုပ်ရိလွယ်တတ်သည်။ ထို့ကြောင့် ကြာကြာခံ စေရန်အပွင့်ကိုနေရောင်ပြပြီး   အခြောက်လှန်း၍သိမ်းရသည်။   သခွတ်ပွင့်ကို   အခြောက်လှန်းမည်ဆိုပါက အပွင့်အတွင်းမှ  ဝတ်ဆံများကိုဖယ်ပြီး  အပွင့်ကို ထက်ခြမ်းခွဲကာ ခြောက်သွေ့အောင် နေပူကျဲကျဲတွင် နှစ်ရက်ခန့်ပြရသည်။ ဖြူဆွတ်ဆွတ်သခွတ်ပွင့်သည် နေလှန်းလျှင် မည်းသွား တတ်ပြီး အပွင့်စိုကိုချက်ပြုတ်သောအခါ အရောင်ညိုမည်းသွားသည်။

  သခွတ်ပွင့်အစိုကို   ရေနွေးဖြော၍ အတို့အမြှုပ်အဖြစ် စားနိုင်သည်။ ငါးဟင်းထဲတွင် အပွင့်စို သို့မဟုတ် အပွင့်ခြောက်ကိုထည့်ပြီး ချက်စားနိုင်သကဲ့သို့ ကြော်၍လည်းစားနိုင်သည်။ သခွတ်ပွင့် ခြောက်ကိုပြုတ်ပြီး သုပ်စားပါက ခံတွင်းမြိန်စေသည်။ သခွတ်ပွင့်ခြောက်သည် အစာအာဟာရ အတွက်သော်လည်းကောင်း၊ ကျန်းမာရေး အတွက်သော်လည်းကောင်း ဆေးဖက်ဝင်သည့် အပင်ဖြစ် သကဲ့သို့ သခွတ်ပွင့်၏ ချို၊ ဖန်၊ ခါးအရသာတွင် အခါးစွက်နေသဖြင့် နှုတ်မြိန်စေကာ အစွမ်းထက် သည့် ဆေးဖက်ဝင် ဟင်းလျာတစ်ခွက်ဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။   သခွတ်ပန်းခေါ် ဟင်းငုတ်ပွင့်များ စတင်ထွက်ပေါ်လျှက်ရှိပြီး ဈေးကွက်အတွင်း၌   သခွတ်ပန်းခေါ် ဟင်းငုတ်ပွင့်ခြောက်(၅)ကျပ်သားလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)