မြိတ်ဒေသထွက်ပုဇွန်ခြောက်ထုတ်လုပ်မှုနှင့် ဈေးကွက်

Powered by Drupal
Tue, 05/13/2025 - 15:26 -- consumer_admin

    မြန်မာနိုင်ငံအတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပိုက်များဖြင့်ပုဇွန်ကို ဖမ်းပြီး နေရောင်ခြည်ဖြင့် အခြောက်ခံထိန်းသိမ်းထားခြင်းသည် ရှေးယခင်ကပြုလုပ်ကြသော ပုဇွန် ခြောက်ပြုလုပ်ခြင်း ရိုးရာနည်းလမ်းဖြစ်သည်။ ပုဇွန်ခြောက်ကိုအသုပ်၊ ဟင်းခတ်မှုန့် နှင့် အမျိုးမျိုးသော ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုကြပြီး အိမ်ရှင်မများ၏ အကြိုက်ဆုံး မီးဖိုချောင်သုံး ပစ္စည်းတစ်မျိုးဖြစ်သလို မြန်မာ့ရိုးရာ အစားအစာတစ်ခုလည်းဖြစ်သည်။ အာဟာရဖွဲ့စည်းမှု  အနေနဲ့လည်း ပရိုတိန်း၊ ကယ်လ်ဆီယမ်ဓာတ်တို့ မြင့်မားကြွယ်ဝသည်။ သို့သော် ဆားဓာတ်ပါဝင်မှုများသောကြောင့် ကျန်းမာရေးအတွက် အလွန်အမင်းစားသုံးခြင်းကို ရှောင်သင့်သည်။

    တနင်္သာရီတိုင်းဒေသ မြိတ်မြို့နှင့် မြိတ်အနီးရှိကျေးရွာများတွင် ပုဇွန်ခြောက်ကိုကျား ပါးစပ်ပိုက်များဖြင့် အများဆုံးဖမ်းလေ့ရှိကြသည်။ ကျားပါးစပ်ပိုက် လှေထွက်ရာတွင် ရေသေ၊ ရေထပတ်ဟူ၍ခွဲထားပြီး ရေထပတ်မှစတင် ပိုက်ချလေ့ရှိကြောင်း သိရှိရသည်။ ပိုက်ချ ပြီးနောက် တစ်ရက်တွင် ၆နာရီတစ်ကြိမ်ရေတက်ချိန်၌ ပိုက်ဆွဲကြသည်။ ပိုက်၌ပါလာသော ပုဇွန်များကို ဆားငံရည်ဖြင့် အသင့်တည်ထားသည့် ဖောင်းအိုးထဲထည့်ပြုတ်ကြသည်။ “ပုဇွန်ကွေး၊ ကဏန်းနီ” ဆိုသလို အနည်းငယ်နီ၍ကွေးလာသော အနေအထားရောက်မှ ခပ်ယူပြီးကြိမ်ခြင်း တောင်းထဲ ထည့်၍ အရည်စစ်ကြသည်။ ထိုမှတစ်ဆင့်အရည်စစ်ထားသော ပုဇွန်များကို ကွင်းပြင် ၌ သင်ဖြူးဖျာ (သို့မဟုတ်) တာလပါပိုင်းများခင်း၍ နေရောင်ခြည်ဖြင့် အခြောက်ခံ ထုတ်လှန်းကြ သည်။ ခြောက်လာသောပုဇွန်များကို အခွံကျွတ်စေရန် အိတ်ထဲထည့်၍ ဖွတ်ကြသည်။ဤသို့ဖြင့် ရရှိလာသောပုဇွန်ခြောက်များကို အရွယ်အစားခွဲ၍ မြိတ်မြို့ပေါ်သို့ တင်ပို့ရောင်းချကြသည်။ ရောင်းချရာတွင် ပုဇွန်ခြောက် အဝယ်ဒိုင်နှင့် အမျိုးမျိုးသော စျေးဆိုင်များ၊ စျေးများသို့ရောင်း ချကြပြီး ရန်ကုန်မြို့နှင့် အခြားမြို့များသို့ လည်း တင်ပို့ရောင်းချလျက်ရှိသည်။

    မြိတ်မြို့ပေါ်ရှိသီရိမင်္ဂလာဈေးနှင့် မြို့သစ်စျေးတို့တွင် ပုဇွန်ခြောက် အသေးဆိုဒ် တစ်ပိဿာ(၆၀၀၀၀)ကျပ်၊ အကြီးတစ်ပိဿာ(၁၀၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ရောင်းချသူထံမှသိရပြီး ရာသီအလိုက် စျေးတက်နိုင်ကျနိုင်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)