ဝါး(သို့မဟုတ်) အစိမ်းရောင်ရွှေ

Powered by Drupal
Tue, 05/13/2025 - 12:50 -- consumer_admin

    ဝါးပင်များသည် အခက်ကလေးတွေပေါ်မှာ အရွက်ပါးပါး ချွန်ချွန်ကလေးတွေနဲ့၊ လေထဲမှာ အမြဲလှုပ်ခတ်နေကြပါသည်။ ဝါးပင်သည် လူအတွက် အသုံးဝင်မှုတန်ဖိုးအနိမ့်ဆုံးဖြစ်ပါလိမ့်မည်။ သို့သော် သူ့မှာ အလှတရားတန်ဖိုး ရှိပါသေးသည်။ ဝါးပင်တွေဟာ နိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်ကြပါသည်။ အမျိုးအစားလည်း များပြားပါသည်။ ပညာရှင်များ သုတေသနပြုစု စည်းဖော်ပြချက်အရ ၇၅ မျိုးရှိကြောင်း၊ဝါးဘိုးဝါးတို့၊ ဝါးနက်တို့၊ ကြသောင်းဝါး တို့သည် ခရင်းဝါးလို တောအလိုက် ပေါက်ကြတာ မဟုတ်ပဲ အရုံလိုက် ပေါက်တက်ကြသည်။ ဝါးပိုးဝါးတစ်ရုံဆိုရင် အပင် ၁၀ ပင်၊ ၁၅ ပင် စသည်ဖြင့် အပင်သစ်တွေလည်း နှစ်စဉ်ပေါက် လာတတ်ပါသည်။

    ဝါးတွေထဲမှာ ဝါးဘိုးဝါးဟာ အကြီးဆုံးဖြစ်ပါသည်။ ပေ ၆၀၊ ၇၀၊ ၈၀ အမြင့်ထိရှည်ကြသည်။ အကြီး ဆုံးဟာ ပေ ၁၀၀ ထိအောင်ရှည်သည်ဟု သိရပါသည်။ လုံးပတ်ကလည်း ကြီးပါသည်။ အကြီးဆုံး အပင်ဆိုရင် လုံးပတ် လက်မ ၂၀ လောက်ထိရှိပါသည်။ ဒေသအရ ဝါးဘိုးဝါးပြီးရင် ဝါးနက်က ဒုတိယအကြီးဆုံးဖြစ်ပါသည်။ ခရင်းဝါးများသည်  အလုံးသေးပါသည်။ အရှည်ပေ ၂၀ မှ အများဆုံး ပေ ၃၀ လောက်ရှည်ပါသည်။

သစ်ပင်တစ်ပင်ကြီးရင့်ဖို့ နှစ် ၆၀ လောက်အချိန် လိုအပ်တယ်လို့ သတ်မှတ်ရပါသည်။ ဒါပေမဲ့ ဝါးတစ်ပင် ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်ကြပါသည်။ ဝါးသစ် ပင်ကြီးရင့်ဖို့ဆိုရင် ရက်ပေါင်း ၆၀ ပဲလိုအပ်တယ်လို့ သတ်မှတ်လိုက်ကြပါသည်။ ဝါးပင်ရဲ့ ကြီးပြင်း မှု အလွန်မြန်ပါသည်။ ဧရာမဝါးပင်ကြီးတစ်ပင်ဟာ တစ်နေ့ကို တစ်ပေတောင်ကြီးတယ်လို့ လေ့ လာမှတ်သားကြပါသည်။ ဂျားဗားကျွန်းမှာ ဝါးပင်ကြီးတစ်ပင် ကြီးပြင်းနေတာကို ရိုးရိုးမျက်စိနဲ့ ပင် ကြည့်မြင်နိုင်တယ်လို့ သဘာဝလေ့လာရေး ပညာရှင်တွေက ဆိုပါသည်။

    သစ်ပင်တွေဟာ လူသားတွေအတွက် အလွန်တန်ဖိုးရှိတယ်ဆိုတာ အားလုံးသိနေကြပါပြီး ဖြစ်ပါသည်။ သစ်ပင်တွေမရှိရင် လူတွေလည်း အသက်ရှင်နိုင်ဖို့ လွယ်ကူမည်မဟုတ်ပါ။ သစ်ပင်တွေဟာ အဖိုးတန်မှန်း သိလာလေ သစ်ပင်တွေကရတဲ့ သစ်တွေဟာလည်း ဈေးကြီးလေဖြစ်ပါသည်။

    ဝါးပင်များသည် ယေဘုယျအားဖြင့် မြက်ကြီးအမျိုးအစားထဲမှာပါပြီး ပူအိုက်စိုစွတ်တဲ့ အပူပိုင်းရာသီ ဥတုရှိတဲ့ ဒေသများမှာ ပေါက်ရောက်ကြကြောင်း မှတ်ယူကြပါသည်။ ဝါးပင်သည် အပူပိုင်းဒေသက လူ ထုတွေအတွက် အလွန့်အလွန် အရေးကြီးတဲ့ အပင်မျိုးဖြစ်ပါသည်။ ဝါးကို ဆင်းရဲသားတွေရဲ့ သစ်လို့ပြောကြပါသည်။  သစ်တွေရှားပါးပြီး တန်ဖိုးတက်လာလေ ဆင်းရဲသားတွေအတွက် ဝါးကို ပိုပြီးအားထားလာရလေဖြစ်ပါသည်။

    ဝါးပင်သည် အသုံးဝင်မှုတန်ဖိုးမှာ အလွန်ကြီးမားပါသည်။ ဝါးကို အသုံးပြုတဲ့ နေရာတွေဟာ ပြောမ ကုန်အောင် များပြားကျယ်ဝန်းလှပါသည်။ ဝါးကို အသုံးပြုနည်း အမျိုးအစား အမြောက် အမြားရှိပါသည်။ မျှစ်၊ မျှစ်ချဉ်၊ မျှစ်ခြောက်၊ ဝါးတဲ၊ ဝါးအိမ်၊ ဝက်ခြံ၊ ကြက်ခြံ၊ ဝါးတံတား၊ အိမ်ခြံ၊ ဥယျာဉ်ခြံ၊ နှီးဘုရား၊ ဝါးဖောင်၊ နွားလှည်း၊ ထမ်းစင်၊ လှေကား၊ တံတား၊ BambooAcid၊ Medicinaltables Cosmetics၊  bamboo ash၊  ပရိဘောဂ၊  စက္ကူ၊  ယပ်တောင်၊ ဖျာ၊ တောင်း၊ခြင်း၊ ဦးထုပ်တောင်ဝှေး ၊ ဘီး၊ ပုလွေ၊ ပတ္တလား၊ ငါးမျှားတံများ ပြုလုပ်အသုံး ပြုကြပါသည်။

    အဖိုးတန်လှသောဝါးကို ဂရုတစိုက်ထိန်းသိမ်းဖို့ရန်အတွက် အထူးအရေးကြီးပါသည်။ ရေလိုပဲ လွယ်လွယ်ကူကူ ရသောဝါးကို ထိန်းသိမ်းစောင့်ရှောက်ရကောင်းမှန်းမသိလျှင် ယခုအခါ နေရာတော် တော်များများတွင် ဝါးရှားပါးလို့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးဒုက္ခဆီသို့ ရှေးရှုသွားနိုင်ပါသည်။ ဒါကြောင့် နေရာတိုင်းမှာ ရှိကြတဲ့ ဝါးရုံတွေ၊ ဝါးတွေကို စနစ်တကျ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမှာ ဖြစ်ပါသည်။ သစ်ပင်တစ်ပင်ဖြစ်ဖို့ဆိုတာ နှစ်တွေအများကြီး အချိန်ယူရပါသည်။ ဝါးတစ်ပင် ဖြစ်ဖို့ဆိုတာ လ ပိုင်းနဲ့ ဖြစ်နိုင်ပါသည်။ ဝါးပင်ဟာ ကြီးပြင်းနှုန်း အလွန်မြန်တဲ့အတွက် တစ်နှစ်အတွင်းမှာပင် ဝါးပင်ကြီး ဖြစ်နိုင်ပါသည်။ ဒါကြောင့် သစ်တောပြုန်းတီးမှုတွေ ရှိနေတဲ့နေရာ တောင်ကုန်း တောင်စောင်းတွေမှာ ဝါးပင်တွေကို စိုက်ပျိုးခြင်းဖြင့် ရေကိုထိန်းသိမ်းရာ ရောက်တဲ့အပြင် မြေဆီလွှာ ခန်းခြောက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါသည်။ ဒါ့အပြင် ဝါးပင်တွေဟာ ကြီး ပြင်းနှုန်းမြန်ရုံမက ပွားများနှုန်းများလည်း ကောင်းတဲ့အတွက် မိမိတို့လိုသလို အသုံးပြုသွားနိုင်မှာ ဖြစ်ပါသည်။

    ၂၀ ရာစု စောစောပိုင်းကလူတွေဟာ သဘာဝသစ်တောထိန်းသိမ်းရေးကို သဘော မပေါက်ခဲ့ကြသေးပါ။ ၂၀ ရာစု အကုန်ပိုင်းအရောက်မှာ ကမ္ဘာကြီးပူနွေးမှုတွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေ၊ ရေရှားပါးမှုတွေ ၊ ရေကြီးရေလျှံမှုတွေ၊ မုန်တိုင်းကြီးတွေ ၊ တောမီးလောင် မှုတွေ စတဲ့သဘာဝကပ်ဘေးကြီးတွေနဲ့ တွေ့ကြုံရတော့မှ ပြန်လည်ဆန်းစစ်လာမိကြပါသည်။  မြို့ကြီးပြကြီးတွေ ပေါ်ထွန်းလာမှု ၊ မြစ်တွေ၊ ချောင်းတွေကို ဖြတ်ပြီး ဆည်တာတမံတွေ ဆည်ဖို့တာတို့ကြောင့် သစ်တောပြုန်းတီးမှုတွေကိုတော့ ကာကွယ်နိုင်မည်မဟုတ်ပါ။ ၎င်းအခြေအနေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စိုက်ပျိုးရလည်းလွယ် ဖြစ်လည်းဖြစ်လွယ်တဲ့ ဝါးပင် အမျိုးမျိုးကို စိုက်ပျိုးလုပ်ကိုင်လို့ရနိုင်တဲ့ နေရာအားလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားမည် ဆိုပါက ၂၁ ရာစုအလယ်မှာ ကြုံတွေ့လာရမယ့် သစ်ရှားပါးမှုကို အတိုင်းအတာတစ်ခုထိ အစားထိုး ကာကွယ်သွားနိုင်ကြမှာ ဖြစ်ပါသည်။

DOCA(မန္တလေး)