ကညွတ် အကြောင်းသိကောင်းစရာ

Powered by Drupal
Tue, 05/13/2025 - 12:06 -- consumer_admin

    တစ်နှစ်လျှင် တစ်ကြိမ်သာ ရာသီအလိုက်ပေါ်သည့်အပြင် အရသာထူးသော ဟင်းသီး ဟင်းရွက်ပင်ဖြစ်သည့် ကညွတ်ပင်ကို လူများအမြတ်တနိုး ဝယ်ယူစားသုံးကြပါသည်။ မြန်မာနိုင်ငံ တွင် မိုးဦးကျစလများ၌ ကညွတ်များကို ဈေးထဲ၌ ရောင်းချကြသည်။ အနောက်နိုင်ငံတို့၌လည်း ကညွတ်ကို ကြိုက်နှစ်သက်သူများ၍ အစာထူး အစာဆန်း တစ်ရပ်အဖြစ်ဖြင့် ဈေးကြီးပေး၍ ဝယ်ယူ စားသုံးကြသည်။

     ကညွတ်ပင်ဟာ ပင်ပျော့ချုံပင်တစ်မျိုးဖြစ်ပါတယ်။ အပင်ခြေတွင် မြောက်မြားစွာဥများ မျှင်တန်းကာ ပျံ့နှံ့ပေါက်ရောက်ကြပြီး တစ်နှစ်တစ်ကြိမ်အပင်တက်ထွက်ကာ ပန်းပွင့်/ အသီးသီး ပြီးပါက မြေပေါ်ရှိအပင်ဟာ ခြောက်သွားပါသည်။ ဥတွေကတော့ နောက်နှစ်မှာ အတက်ပြန်ထွက် လာမယ့် မျိုးအဖြစ်ရှိနေခဲ့ပါတယ်။ အပင်အမြင့်မှာ (၅)ပေခန့်ရှိပြီး အရွက်မှာ အပ်ပုံစံ အစိမ်းရောင် ဖြစ်ပြီး သက်တမ်းရင့်လျှင် အဝါရောင်သို့ပြောင်းသွားပါသည်။ ပင်စည်က မာဆတ်တဲ့သဘောရှိပြီး အကိုင်းအခက်များစွာဖြာလျက်ရှိပါသည်။ အပွင့်မှာ အလွန်သေးငယ်ပြီး ခေါင်းလောင်းပုံရှိကာ စိမ်းဝါရောင်ရောလျက်ရှိတဲ့ အဖြူလေးတွေဖြစ်ပြီး ကိုင်းအဆက်နဲ့ အရွက်အဆက်ကားများကနေ ပွင့်ကြပါသည်။ အသီးမှာ လုံးဝန်းပြီး နုစဉ်အစိမ်းရောင်ဖြစ်ပြီး မှည့်လျှင် အနီရောင်ပြောင်းသွားပါ သည်။ အစေ့များမှာ အလွန်သေးငယ်ပြီး အသီးတစ်လုံးတွင် အစေ့(၂)စေ့မှ (၄/၅)စေ့ထိပါရှိ တတ် ပါသည်။

    ရောမဘုရင်များ ကြီးစိုးသည့်ခေတ်မှစ၍ ကညွတ်ကို အစာကောင်းတစ်ခုအဖြစ်ဖြင့် စိုက် ပျိုးခဲ့ကြပါသည်။ ကညွတ်မှာ နှစ်ကြာခံပင်မျိုးဖြစ်ရာ ကျနစွာပြုပြင်ထားသည့် စိုက်ခင်းတွင် အစေ့များကို စိုက်ပျိုး၍ အပင်များ နေသားတကျဖြစ်လာလျှင် နှစ်စဉ်နှစ်စဉ် အပင်စို့များ ထွက်ပေါ်လာမည်ဖြစ်သည်။ အပင်များ သန်စွမ်းစွာထွက်နိုင်ရန် မြေဩဇာအစဉ် ဖြည့်လောင်းပေးရ သည်။ အနောက်နိုင်ငံများတွင် ဆောင်းနှင့်နွေအကြား နွေကူးဥတုမှာ ကညွတ်ပေါ်ချိန်ဖြစ်ပါသည်။

      ကညွတ်ပင်စို့များ မြေပြင်မှ ပေါ်ထွက်လာ၍ ၆ လက်မ သို့မဟုတ် ၈ လက်မမြင့်လာသည့်အခါ စားသုံးရန်အတွက် ထိုအပင်ငယ်များကို ဖြတ်ယူကြသည်။ အပင်ကို ကြီးပြင်းအောင်ထားလိုက်လျှင် ငှက်မွေးငှက်တောင်ကဲ့သို့သော အခက်အရွက်များဖြင့် အလွန်တင့်တယ်သည့်အပင် ဖြစ်လာပါသည်။ အပွင့်ကလေးများမှာ ဖြူ၍ အနီရောင်အသီးများ သီးသည်။ ထိုကြောင့် အချို့ ကညွတ်ပင်မျိုးတို့ကို ခြံဥယျာဉ်များတွင် အလှအပအတွက် သက်သက် စိုက်ပျိုးထားတတ်ကြသည်။ ကညွတ်ပင်မျိုးပေါင်း ၁၂ဝ ကျော်ရှိ၍ အချို့တိုင်းပြည်များတွင် ကညွတ်ရိုင်းပင်များနှင့် ကညွတ် နွယ်ပင်များလည်းရှိသည်။

    ကညွတ်ပင်ကို စိုက်ပျိုးရာ၌ ပျိုးခင်းတွင် ပေါင်များပြုလုပ်၍ အတန်း လိုက်မျိုးစေ့များကို သုံးလက်မစီခွာလျက်ပျိုးကြဲသည်။ ထိုကဲ့သို့ မျိုးစေ့ကိုပျိုးပြီး တစ်နှစ်ကြာမှ ကညွတ်ပင်စို့များကို တူးဖော်၍ အမြဲတမ်း စိုက်ထားမည့်စိုက်ခင်းသို့ ရွှေ့ပြောင်း ပေးရသည်။ ထိုစိုက်ခင်းတွင် တစ်တန်းနှင့်တစ်တန်း ၄ ပေမှ ၅ ပေထိ ကွာစေ၍ တစ်ပင်နှင့်တစ်ပင် ၂ ပေခန့်ခွာလျက် ထားရသည်။ မျိုးစေ့ကို စိုက်ပျိုးပြီး ၅ နှစ်ကြာမှ ကညွတ်ပင် ပေါက်များကို စားသုံးရန်အလို့ငှါ ဖြတ်ယူနိုင်သည်။ ထိုကြောင့်လည်း ကညွတ်ကို ရနိုင်ခဲသော ဟင်းသီးဟင်းရွက် အနေနှင့် လူတို့သည် အဖိုး သားနားပေး၍ ဝယ်ယူစားသုံးကြလေသည်။ ၎င်းမြစ်အရည်ကို နွားနို့နှင့် အလေးချိန်တူရော၍ သောက်ပါကကြာရှည်စွာ စွဲကပ်နေသော ကျောက်တည်ရောဂါ ပျောက်ကင်း စေပါသည်။ အဆိပ်အမျိုးမျိုးသင့်သော ရောဂါများကိုလည်း ပျောက်ကင်းစေနိုင်သည်။

    ကညွတ်ဟာ ကယ်လိုရီနည်းပြီး ရေဓာတ်(၉၃.၅%)၊ အသားဓာတ်(၁.၉%)၊ အဆီဓာတ် (၀.၁၆%)၊ ကာဗိုဟိုက်ဒရိုက်(၂.၀၄%)၊ အမျှင်ဓာတ်(၁.၃၁%)၊ နိုက်ထရိုဂျင်ဓာတ်(၀.၃၁%)ပါဝင် ပါသည်၊၊ ကညွတ်တွင် ဓာတ်တိုးဆန့်ကျင်(Antioxidants)များ ပါဝင်တာကြောင့် ကင်ဆာရောဂါ ကာကွယ်ခြင်း၊ အရွယ်တင်ခြင်း၊ အဆိပ်အတောက်များဖယ်ရှားပေးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်း၊ ဆီးချိုရောဂါ၊ နှလုံးကျန်းမာရေးတို့ အတွက်လည်း အကျိုးပြုခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးလမ်းကြောင်းရောင်ရမ်းခြင်း၊ နာကျင်ခြင်းတို့အတွက် သင့်လျော်ပါသည်။ အမျိုးသမီးများ ဟော်မုန်းမညီညွတ်ခြင်း၊ ကျောက်ကပ်နဲ့ သည်းခြေတို့မှာ ကျောက်တည်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်း၌ လေပွခြင်း၊ နာတာရှည်အဆုတ်တီဘီကဲ့သို့သော မြစ်ခြောက်နာ၊ ကိုယ်ခံအားနဲရောဂါ၊ အရည်ဝမ်းလျှောခြင်း၊ အာရုံကြောနာကျင်ခြင်း၊ ဆီးလမ်း ကြောင်းပိုးဝင်ခြင်း၊ လေးဘက်နာရောဂါ၊ စိတ်ဓာတ်ကျခြင်းများအတွက် စားသုံးနိုင်ပါသည်။ တချို့ကလည်း ကညွတ်ကို အနာစိမ်း၊ အနာခြောက်၊ တင်းတိတ်တို့တွင်လည်း ပွတ်လိမ်းပေးကြတယ်လို့ သိရပါသည်။

    အညွန့်ကို စားသုံးခြင်းဖြင့် လေကို ကြေစေပါသည်။ အင်အားကို ဖြည့်တင်းစေပါသည်။ သွေးအားကောင်းစေသဖြင့် သားဖွားပြီး မိခင်များ စားသုံးရန် အထူးသင့်လျော်ပါသည်။ ကညွတ်များနှင့် ဟင်းသီးဟင်းရွက်များထဲတွင် လူကို များစွာအကျိုးပြုစေပြီး ဈေးကောင်းရ၍ တန်းဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်တာကြောင့် GAP စနစ်ဖြင့် သေချာစိုက်ပျိုးပြီး ဈေးကွက် ချဲ့ထွင်နိုင်ပါက အကျိုးများစွာဖြစ်ထွန်းတဲ့ သီးနှံဖြစ်ကြောင်းလေလာတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)