ပြောင်းဖူးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော ကောက်နှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူး(ဆောင်း)ကို အောက်တိုဘာလမှ နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ်သည်။ နေရောင်ခြည်အလုံအလောက် ရရှိ၍ မြေဆီလွှာထူပြီး ရေစီးရေလာကောင်းသော နုန်းမြေတွင် အထွက်နှုန်းကောင်းသည်။
မြင်းခြံမြို့နယ် စည်ပင်သာယာဈေးများတွင် ရောင်းချနေသော ပြောင်းဖူး တစ်ဖူးလျှင် ၄၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးကွက်အနေဖြင့် ဒေသတွင်းကျေးရွာများဖြစ်သော လေးအိမ်တန်း၊ လှိုင်းတက်၊ ဘောလုံး၊ နဘူးအိုင်နှင့် ဒါးကျွန်း ကျေးရွာများမှ မြို့နယ်တွင်းလာရောက် ရောင်းချကြောင်း သိရှိရသည်။ ကျန်းမာရေးအကျိုးကျေးဇူး အနေဖြင့် အမျှင်ဓာတ်နှင့် ပိုတက်ဆီယမ် တို့ပါဝင်သောကြောင့် သွေးတိုးနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးသည်။ ပြောင်းဖူးသည် စိုက်ပျိုးရလွယ်ကူပြီး အာဟာရ ဓာတ်များစွာပါဝင်သော အစားအစာဖြစ်ပြီး ကျန်းမာရေးနှင့် ညီညွတ်စွာစားသုံးပါက ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေပါသည်။
DOCA(မန္တလေး)