စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ဟောင်ကောင်ဒေသ၌ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများအတွက် ဖိုရမ်လက်ခံကျင်းပပြုလုပ်မည်

          ဟောင်ကောင်ဒေသ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပပြုလုပ်မည့် အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ရန် နိုင်ငံခြားသားရင်နှီးမြှုပ်နှံသူ (၂၀၀)ဦးခန့် ဖိတ်ကြားမည်ဖြစ်ပြီး ဟောင်ကောင်ဒေသအား စီးပွားရေးအချက်အချာကျသည့်ဒေသအနေဖြင့် ဆောင်ရွက်နိုင်ရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါသတင်းဆောင်းပါး၌ ဟောင်ကောင်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသွားမည်ဟု ဟောင်ကောင်ဘဏ္ဍာရေးအတွန်းဝန်က ပြောကြားခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ ဇန်နဝါရီလကစတင်၍ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ပဥ္စမလှိုင်း ဖြစ်ပွားလျှက်ရှိခြင်းအား ကိုင်တွယ်ဖြေရှင်းနေရပြီး ကူးစက်မှုစုစုပေါင်း(၁)သန်းကျော်နှင့် သေဆုံးသူ (၆၀၀၀) ကျော်ရှိကြောင်း၊ ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်မှုဆိုင်ရာ တင်းကျပ်သည့်ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန်နှင့်ပတ်သက်၍ ယခုရက်သတ္တပတ်အတွင်း ဟောင်ကောင်ဒေသအစိုးရမှ ကြေညာ ခဲ့ပြီး အမေရိကန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင် အစရှိသည့် (၉)နိုင်ငံမှ လေယာဉ်များလာရောက်မှုအား ကန့်သတ်ထားခဲ့ခြင်းကို ၁-၄-၂၀၂၂ ရက်နေ့မှစတင်၍ ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး၊ မကာအိုနှင့်ထိုင်ဝမ်ဒေသတို့မှ လာ ရောက်ခြင်းမဟုတ်လျှင် ဟောင်ကောင်‌ဒေသ၌ နေထိုင်ခွင့်ရရှိထားသူများအနေဖြင့် ဟောင်ကောင်ဒေသသို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ခရီးသွားများလာရောက်ရန် နယ်မြေဖြတ်ကျော်မှု ပြန်လည်ဖွင့်လှစ်ပေးမည့်ကာလအား ဟောင်ကောင်ဒေသအစိုးရအနေဖြင့် အတိအကျ ပြောကြားထား ခြင်းမရှိသေးကြောင်း၊ အဆိုပါဖိုရမ်တွင် နိုင်ငံတကာနှင့်တရုတ်ပြည်မကြီးမှ ထိပ်တန်းငွေကြေးအသင်း အဖွဲ့များမှ တက်ရောက်သူ(၁၀၀)ဦးနှင့် (၂၀၀)ဦးအတွင်းခန့်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဒေသ၌စီးပွားရေးလုပ်ငန်းမျိုးစုံ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ပြီး စီးပွားရေးဝန်းကျင်ကောင်းများရှိကြောင်းကိုသိရှိနိုင်သည့်အပြင် ဒေသ၌ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်လုပ်ကိုင်သွားရန် ယုံကြည်မှုရှိမည်ဖြစ်ကြောင်း၊ အဆင့်မြင့်ဖိုရမ်ကျင်းပပြုလုပ်နိုင်ပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခရီးစဉ်တစ်ခုတည်းဖြင့် ဟောင်‌ကောင်ဒေသနှင့် မဟာပင်လယ်ကွေ့ဒေသတို့သို့သွားရောက်နိုင်မည်ဖြစ်ကြောင်း၊ ဒေသအစိုးရအနေဖြင့် နည်းပညာကဏ္ဍတွင်ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မဟာပင်လယ် ကွေ့ဒေသစီမံကိန်းအောက်တွင် အခွင့်အလမ်းကောင်းများရှာဖွေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

ထိုင်းအစိုးရအနေဖြင့်သစ်သီးဝလံတင်ပို့မှုမြှင့်တင်ရန်ကြိုးပမ်းလျှက်ရှိ       

          ထိုင်းနိုင်ငံ အစိုးရအနေဖြင့် ယခုနှစ်တွင်အရှေ့အလယ်ပိုင်းသို့ သစ်သီးဝလံတင်ပို့မှု အရှိန်မြှင့်တင်ရန်ကြိုးပမ်းလျှက်ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ Zero-Covid မူဝါဒကြောင့် ထိုင်းသစ်သီးဝလံများ တင်ပို့မှု အထူးသဖြင့် ဒူးရင်းသီးများတင်ပို့မှု ဆိုးရွားလာခဲ့ပြီးနောက် သစ်သီးဝလံတင်ပို့မှု အဆင်ပြေ ချောမွေ့စေရေးအတွက် တရုတ်နှင့်ဆွေးနွေးညှိနှိုင်းမှုများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိနေကြောင်း၊ အစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူက အစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး ဌာနမှတစ်ဆင့် ယခုနှစ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်ဆော်ဘွားများ ပြည်ထောင်စုကဲ့သို့သော အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ထိုင်းသစ်သီးဝလံများ တိုးချဲ့တင်ပို့နိုင်ရန်ရည်ရွယ်ထားပြီး အဆိုပါနိုင်ငံများသည် ကြက်မောက်သီး၊ မင်းဂွတ်သီး၊ လောင်ငန်းသီး၊ သရက်သီးနှင့် ဒူးရင်းသီး စသည့် ထိုင်း သစ်သီးဝလံများအတွက်  ဝယ်လိုအားမြင့်မားသည့် ဈေးကွက်နိုင်ငံများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ လက်ရှိအားဖြင့် တရုတ်အာဏာပိုင်များအနေဖြင့် အဆိုပါနယ်စပ်စစ်ဆေးရေးဂိတ်(၄)ခုမှ ဝင်ရောက်လာသော ထိုင်းသစ်သီးဝလံကွန်တိန်နာများအား ၎င်းတို့၏ Zero-Covid မူဝါဒနှင့်အညီ တင်းကြပ်စွာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စစ်‌ဆေးရေးလုပ်ငန်းစဉ်များက တင်ပို့မှုများကို ကြန့်ကြာစေကြောင်းနှင့် တစ်ခါတစ်ရံတွင် အချို့သောသစ်သီးဝလံများ ပုပ်သွားကြကြောင်း၊ ထိုင်းအစိုးရအနေဖြင့် ဒူးရင်းသီးတင်ပို့သူများအား ကိုဗစ်ကင်းစင်ကြောင်း အထောက်အထားလက်မှတ်များဖြင့် အထူး အခွင့်အရေးများပေးရန် တရုတ်နိုင်ငံသို့ တောင်းဆိုထားကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၎င်းနိုင်ငံနှင့် တရုတ်၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများအကြား သစ်သီးဝလံတင်ပို့မှု အရှိန်မြှင့်တင်ရန်၊ သွင်းကုန်တင်သွင်းမှု တို့အတွက် ဘုံသဘောတူညီချက်တစ်ရပ်ချမှတ်နိုင်ရန်၊ နယ်စပ်စစ်ဆေးရေးဂိတ်တိုင်းတွင် ထိုင်းသစ်သီးဝလံများ ပုပ်မသွားစေရန်၊ ထိုင်းသစ်သီးဝလံများအပေါ် အကောက်ခွန်ရှင်းလင်းရေးအား  အရှိန်မြှင့်တင် ဆောင်ရွက်သွားနိုင်ရန်နှင့် အစိမ်းရောင်လမ်း ထားရှိနိုင်ရေးတို့အတွက် ပူးတွဲ အစည်းအဝေး တစ်ရပ် ကျင်းပသွားရန် အဆိုပြုထားကြောင်း၊ ထိုင်းနိုင်ငံသည် ဇန်နဝါရီလတွင် တရုတ်နိုင်ငံနှင့် တစ်ဆင့်ဖြတ်သန်း ကုန်သွယ်မှု ကျဆင်းခဲ့သကဲ့သို့ တင်ပို့မှုနှင့်တင်သွင်းမှုများလည်း ကျဆင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က သစ်သီးဝလံတင်ပို့မှုအခက်အခဲများကို ပူးပေါင်းကိုင်တွယ်ဖြေရှင်းရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အား ညွှန်ကြားထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့ စီးပွားရေးသံမှူး‌ပေးပို့သည့်သတင်း)

အမေရိကန်နိုင်ငံတွင် စားသောက်ကုန်ဈေးနှုန်း မြင့်မားမှုကြောင့် အစားအစာဝေငှသည့် စင်တာများကို ပိုမို မှီခိုနေရ      

          အမေရိကန်နိုင်ငံတစ်ဝန်း လိုအပ်သူများအား အစားအစာ ဝေငှဖြန့်ဖြူးသည့် စင်တာများတွင် လာရောက်ယူဆောင်သူများ ပိုမိုများပြားလာသည်ဟု အစားအစာဘဏ်မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ Census Household Pulse Survey data အရ အစားအစာဝေငှသည့်စင်တာများတွင် လာရောက်ယူ‌ဆောင်ကြသူများသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လကတည်းက များပြားလာခြင်းဖြစ်ပြီး ၎င်းတို့အနက် ၇.၈ % ခန့်က တစ်ခါတစ်ရံ အစားအစာ လုံလောက်စွာမရရှိကြဟု စစ်တမ်းကောက်ယူရာ ၌ ဖြေကြားခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းက ကောက်ယူခဲ့သည့်စစ်တမ်းတွင် ၁၀.၂ % သော လိုအပ်သူများက  တစ်ခါတစ်ရံ၌လုံလောက်စွာမရရှိကြကြောင်း၊ငွေကြေးဖောင်းပွမှုသည် စိန်ခေါ်မှုအသစ်ဖြစ်သည်ဟု အစားအစာဘဏ်တစ်ခုဖြစ်သည့် Feeding Tampa Bay ၏ အမှု‌ဆောင်ချုပ်က ပြောကြားခဲ့ကြောင်း၊ ယမန်နှစ်က ဖက်ဒရယ်အစိုးရနှင့်ပြည်နယ်အစိုးရတို့၏ အထောက်အပံ့များ၊ ကလေးများအတွက် အခွန်သက်သာခွင့်များက မိသားစုများ၏ အခက်အခဲကို အထောက်အကူဖြစ်ခဲ့သော်လည်း ဝင်ငွေနည်းပါးလာသည့်အတွက်  ငွေကြေးခက်ခဲသည့် မိသားစုများစွာရှိနေသေးသည်ဟု Food Bank တစ်ခု၏ ဥက္ကဋ္ဌဖြစ်သူက ပြောကြားခဲ့ကြောင်း၊ မတ်လတွင်ထုတ်ပြန်ခဲ့သည့် ငွေကြေးဖောင်းပွမှု အချက်အလက်များက ဓါတ်ဆီ၊ အိမ်ငှားခနှင့်အစားအစာဈေးနှုန်းများ မြင့်တက်လာသည်ကိုဖော်ပြထားရာ ဓါတ်ဆီအညွှန်းကိန်းသည် ဖေဖော်ဝါရီလတွင် ၆.၆ % မြင့်တက်လာသည်ဟုဖော်ပြထားကြောင်း၊ ပြည်နယ်အေဂျင်စီများ၏ အရေးပေါ် အစားအစာထောက်ပံ့ကူညီရေးအစီအစဉ်များအတွက် အမေရိကန် ဒေါ်လာသန်း(၁၀၀)သုံးစွဲမည့်အထောက်အပံ့အစီအစဉ်သစ်များ ပေးသွားမည်ဖြစ်ကြောင်း၊ အမေရိကန်၊ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် အစားအစာဘဏ်များလိုအပ်သည့်ကုန်စည်များ ဖြည့်ဆည်းထောက်ပံ့ပေးသည့် သီးခြားအစီအစဉ်တစ်ခုလည်းရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဝါရှင်တန်မြို့ စီးပွားရေးသံမှူး‌ ပေးပို့သည့်သတင်း)