စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

စင်ကာပူနိုင်ငံတွင် စက်သုံးဆီလက်လီဈေးနှုန်းများ မြင့်တက်လာမှုအပေါ် အနီးကပ်စောင့်ကြည့်လျှက်ရှိခြင်း

          ယူကရိန်း-ရုရှားပဋိပက္ခကြောင့်  ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာချိန်တွင်  စင်ကာပူနိုင်ငံရှိ စက်သုံးဆီရောင်းချသော ကုမ္ပဏီများအကြား ယှဉ်ပြိုင်မှုကိုဆန့်ကျင်သည့် ဆောင်ရွက်ချက်များ မပြုလုပ်စေရန် စင်ကာပူ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်(CCCS) က စက်သုံးဆီ လက်လီ ဈေးနှုန်းများအပေါ် အနီးကပ်စောင့်ကြည့်နေသည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး၏ ပြောကြား ချက်အရ သိရှိရကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင်  ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် စက်သုံးဆီကုမ္ပဏီများက ဈေးနှုန်းတိုးမြှင့်ရောင်းချခဲ့ကြခြင်းသည် အကျိုးအကြောင်းဆီလျော်မှု ရှိ/ မရှိ၊ စက်သုံးဆီကုမ္ပဏီများသည် လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှ အမြတ်ထုတ်နေမှု ရှိ/မရှိ သေချာစေရန် ဝန်ကြီးဌာနအနေဖြင့် မည်သို့ဆောင်ရွက်လျှက်ရှိသည်ကို သိရှိလိုကြောင်း စင်ကာပူ ပါလီမန်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဉီးက မေးမြန်းခဲ့ရာ စက်သုံးဆီရောင်းချမည့် ဈေးနှုန်း များကို ကုမ္ပဏီများအကြား  ညှိနှိုင်းတိုးမြှင့်သတ်မှတ်ခြင်းကဲ့သို့သော  စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှု ကို ဆန့်ကျင်သည့် ဆောင်ရွက်ချက်များပြုလုပ်နေသည်ဟု အထောက်အထားများရရှိလျှင် CCCS မှ စုံစမ်းစစ်ဆေး၍  ယှဉ်ပြိုင်မှုအက်ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဝန်ကြီးက ပြည်လည်ဖြေကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီကပင်  နှစ်ဖက်တင်းမာမှု မြင့်တက် ခဲ့သဖြင့် ၂၀၂၂ ခုနှစ် နှစ်ဉီးပိုင်းမှစ၍ ကမ္ဘာ့ရေနံဈေးနှုန်းနှင့် ပြည်တွင်းစက်သုံးဆီပန့်ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ လက်ရှိ ဓါတ်ဆီနှင့် ဒီဇယ်ဆီ ဈေးနှုန်းများ မြင့်တက်လာနေခြင်းသည် ပြီးခဲ့ သောလများအတွင်း ရေနံစိမ်းဈေးနှုန်းမြင့်တက်လာခဲ့သည်ကို ထင်ဟပ်နေကြောင်း၊ စက်သုံးဆီ သုံးစွဲသူများအနေဖြင့်  လက်လီပန့်ဈေးနှုန်းများကိုနှိုင်းယှဉ်သော website “Fuel Kaki”အား ကိုးကား အသုံးပြုနိုင်သည်ဟု ဝန်ကြီးကပြောကြားခဲ့ကြောင်း၊ စင်ကာပူတွင် ကားအမျိုးအစားအများစု အသုံး ပြုနိုင်သည့် 92 octane ဓါတ်ဆီဈေးနှုန်းများမှာ တစ်လီတာလျှင် စင်ကာပူဒေါ်လာ ၃ ‌ဒေါ်လာ အထက်သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူမြို့စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

တောင်အာဖရိက လိမ္မော်သီးလုပ်ငန်းကဏ္ဍ

          ရုရှားဈေးကွက်သို့ နိုင်ငံများစွာက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း လတ်ဆတ်သစ်သီးများ တင်ပို့ခြင်းမရှိသည့်အတွက်  တောင်အာဖရိကနိုင်ငံ၏ အစောပိုင်းထွက်ရှိမည့် သံပုရာသီးများအား သင်္ဘောတင်ပို့နိုင်ရေးကိုထိခိုက်နိုင်ကြောင်း၊လိမ္မော်သီးစိုက်ပျိုးသူများအသင်း၏ အလုပ်အမှုဆောင် အရာရှိချုပ်က ရုရှားပြဿနာဆက်လက်ဖြစ်ပေါ်နေပါက ပို့ကုန်တင်ပို့သည့်ရာသီစတင်မည့် ဧပြီ လ တွင် အခြားသီးနှံများဖြစ်သော ကျွဲကောသီးနှင့် အခြားအခွံပျော့ လိမ္မော်သီး အမျိုးအစားသီးနှံများ တင်ပို့မှုကိုလည်း ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ မော်ရိုကို ၊တူရကီနှင့် အီဂျစ်နိုင်ငံတို့သည်လည်း ရုရှား သို့ လိမ္မော်သီးအမျိုးနွယ်သီးနှံစုံ များစွာတင်ပို့နေသည့်နိုင်ငံများဖြစ်ရာ အဆိုပါနိုင်ငံများ၏ ရုရှား သို့ တင်ပို့မှုလည်း ထိခိုက်နေကြောင်း၊ အဓိကပြဿနာမှာ အဆိုပါနိုင်ငံများမှ ဈေးကွက်သို့ ပိုမိုတင်ပို့ သည့်အတွက် ဈေးကွက်၌ပစ္စည်းများစုပုံခြင်းကိုဖြစ်ပေါ်စေပြီး  တောင်အာဖရိကနိုင်ငံ၏အစောပိုင်း သီးနှံထွက်ရှိမည့်ရာသီအတွက် ထိခိုက်နိုင်မည်ဟုပြောကြားထားကြောင်း၊ တောင်အာဖရိကနိုင်ငံ သည် ရုရှားဈေးကွက်သို့ လိမ္မော်သီးအမျိုးနွယ်သီးနှံများ စုစုပေါင်းတင်ပို့မှု၏ ၇ % မှ ၁၀ % အထိ နှစ်စဉ်တင်ပို့လျှက်ရှိပြီး ယခင်နှစ်တွင် ၁၅ ကီလိုဂရမ်ဆံ့ သီးနှံစက္ကူဗူးပေါင်း ၁၁.၂ သန်းအထိ တင်ပို့ နိုင်ခဲ့ကြောင်း၊ရုရှားနိုင်ငံသို့ငွေပေးချေမှုကန့်သတ်ချက်များနှင့် ရုရှားငွေကြေးရူဘယ်တန်ဖိုး ကျဆင်း မှုကြောင့် ရုရှားဈေးကွက်သို့ တင်ပို့သူများအတွက်  ဆုံးရှုံးမှုကြီးနိုင်သည့်ဈေးကွက်ဖြစ်နေကြောင်း၊ ယူကရိန်းဈေးကွက်သည် တောင်အာဖရိကနိုင်ငံအတွက်  တင်ပို့မှု တိုးတက်ဆဲဈေးကွက်ဖြစ်သော် လည်း လက်ရှိဖြစ်ပေါ်နေသည့်ပြဿနာကြောင့် ကုန်သွယ်မှုရပ်တန့်နေကြောင်း၊ ယူကရိန်းသို့ တင်ပို့ သူနိုင်ငံအချို့သည်  အဆိုပါဈေးကွက်သို့ သွယ်ဝိုက်တင်ပို့နိုင်ရေး ကြိုးစားလျှက်ရှိကြောင်း၊ လက်ရှိ အခြေအနေများကြောင့် တောင်အာဖရိက လိမ္မော်သီးနှံ စိုက်ပျိုးတင်ပို့သူများအဖွဲ့သည် အစိုးရအား လက်ရှိစိန်ခေါ်မှုများကိုထည့်သွင်းစဉ်းစား၍ ဈေးကွက်အသစ်များရရှိရေး ညှိနှိုင်းဆွေးနွေးပေးရန် တောင်းဆိုထားကြောင်း၊ရုရှားနှင့်ယူကရိန်းနိုင်ငံတို့အကြားပြဿနာကြောင့် စက်သုံးဆီနှင့်ဓါတ်ငွေ့ ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသကဲ့သို့ ကမ္ဘာ့ဓါတ်မြေဩဇာတင်ပို့မှု၏ ၁၄ % သည်  ရုရှား နိုင်ငံ၌ ပိတ်မိနေသဖြင့် ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆိုင်ရာဓါတုဗေဒဈေးနှုန်းများ ဆက်လက်မြင့် နိုင်မည့်အခြေအနေဖြစ်ပေါ်လျှက်ရှိပြီး လိမ္မော်သီးစိုက်ပျိုးသူများအပေါ် ထပ်မံ၍ ဝန်ထုပ်ဝန်ပိုး ဖြစ် စေနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

စက်သုံးဆီအပေါ် အခွန်ကောက်ခံမှုရပ်တန့်ပေးရန်တောင်းဆိုခြင်း

          တောင်အာဖရိကနိုင်ငံရှိမော်တော်ကားလုပ်ငန်းလုပ်ကိုင်သူများအဖွဲ့နှင့်စိုက်ပျိုးရေးလုပ်ကိုင်သူများအဖွဲ့က အစားအစာနှင့်စက်သုံးဆီများ ဈေးနှုန်းမြင့်တက်နေမှုကြောင့်ဖြစ်ပေါ်နေသည့် ဖိစီးမှု များကိုဖြေလျှော့နိုင်ရန် အစိုးရအနေဖြင့် စက်သုံးဆီအပေါ်အခွန်ကောက်ခံနေမှုကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးက  ၂၀၂၂ ခုနှစ် ဘတ်ဂျတ်အတွင်း စက်သုံးဆီနှင့် လမ်းမပေါ်တွင် အက်ဆီးဒင့်ဖြစ်ပေါ်မှုအပေါ် ကောက်ခံသည့်အခွန် တိုးမြှင့်ခြင်းမပြု လုပ်ရန်ကြေငြာခဲ့သော်လည်း လက်လီစားသုံးဆီရောင်းချရမှု၏ ၃၆ % သည် ဈေးနှုန်းမြင့်တက်မှု ဒဏ်ကို ခံစားနေရပြီဖြစ်ကြောင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်လာရခြင်းအကြောင်းတစ်ခုသည် အမေရိကန်သမ္မတက ရုရှားနိုင်ငံမှစက်သုံးဆီနှင့် ဂတ်စ်တင်သွင်းမှုအားလုံးပိတ်ပင်ကြောင်း ကြေငြာ ပြီးနောက် ဆိုးရွားလာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဥရောပနိုင်ငံများအနေဖြင့်လည်း ရုရှားနိုင်ငံမှ စက်သုံးဆီနှင့် ဂတ်စ်တင်သွင်းမှုအား ပိတ်ပင်ရန်စီစဉ်လျှက်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံ စွမ်းအင်ဘုံရန်ပုံငွေအဖွဲ့က ဧပြီလအတွင်း စက်သုံးဆီဈေးနှုန်းသည် တစ်လီတာလျှင် ရန်း  ၄၀ အထိ မှတ်တမ်းတင်မြင့်တက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုသည် တောင် အာဖရိကနိုင်ငံ အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်အပေါ် တိုက်ရိုက်ထိခိုက်မှု ရှိရာ ထိုသို့ဖြစ်ပေါ်နေမှုသည် အလုပ်လက်မဲ့မှုနှုန်းလျော့ကျစေရေးနှင့်ဆင်းရဲမှုပပျောက်ရေးကြိုးစား နေမှုမျှော်လင့်ချက်ကို ပျောက်ဆုံးစေကြောင်း၊ UNCTAD အတွင်းရေးမှူးချုပ်က ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ကိုဗစ် ကူးစက်ပြန့်ပွားမှုရောဂါဖြစ်ပွားမှု၊ ကြွေးမြီမြင့်တက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ လက်ရှိ အစားအစာ၊ စက်သုံးဆီနှင့် ငွေကြေးဆိုင်ရာအခက်အခဲများကြောင့် ကုန်သွယ်မှုလျော့ကျ၍ ကုန်သွယ်မှုလိုငွေများဖြစ်ပေါ်နိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပြောကြားထားကြောင်း၊ကမ္ဘာ့ဂျုံဈေးနှုန်းနှင့် စိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများမြင့်တက်မှုကြောင့် ထိခိုက်နေသည့် အနည်းငယ်သာစိုက်ပျိုးလုပ်ကိုင်နိုင်သည့် လယ်သမားများနှင့် အစားအစာဈေးနှုန်း မြင့်တက်မှုကြောင့် ထိခိုက်နေသည့်စားသုံးသူများကိုပံ့ပိုးနိုင်ရန် အစိုးရအနေဖြင့် စက်သုံးဆီအပေါ် လက်ရှိကောက်ခံနေသောအခွန်အား အရေးပေါ်ဖြေရှင်းပေးမှုအနေဖြင့် ရပ်တံ့‌‌‌ပေးရန်တောင်းဆို ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)