ဗီယက်နမ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ စီးပွားရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာပြုလုပ်သွားမည်

Powered by Drupal

     ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးသည် စင်္ကာပူနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ၂၀၂၄ခုနှစ်၊ မတ်လ ၂၀ရက်နေ့၌ ဟနွိုင်းမြို့တွင်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား စီးပွားရေးနှင့်ကုန်သွယ်မှုကဏ္ဍတို့တွင် ပိုမိုအားကောင်းလာစေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဝန်ကြီးနှစ်ဦးစလုံးသည် နှစ်နိုင်ငံ၏ လက်ရှိစီးပွားရေးပူးပေါင်းမှုမှာ အရှေ့တောင်အာရှ၏ အောင်မြင်သောစီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ၏ စံပြဖြစ်ကြောင်း အမွှမ်းတင်ပြောကြားသွားခဲ့ပါသည်။ ထို့ပြင် စွမ်းအင်ကူးပြောင်းမှု၊ ဒီဂျစ်တယ်စီးပွားရေး၊ ဒီဂျစ်တယ်ပြောင်းလဲမှု၊ အစိမ်းရောင်စီးပွားရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍသည် ဆွေးနွေးမှု၏ အဓိကအကြောင်းအရာအဖြစ် ပေါ်ပေါက်ခဲ့ပြီး အဆိုပါကဏ္ဍတွင် နှစ်ဦးနှစ်ဖက်အကျိုးရရှိရန် ပူးပေါင်းဆောင်ရွက်သွားရန်အတွက် အသားပေးပြောဆိုခဲ့ကြပါသည်။ ထို့ပြင် မြောက်များစွာသော အလားအလာရှိသည့် ပူးပေါင်း ဆောင်ရွက်မှုများရှိနေသေးပြီး စင်္ကာပူကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးက လေစွမ်းအင်နှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍတို့တွင် အခြားမိတ်ဖက်များနှင့်ပူးပေါင်းကာ သုတေသနပြုလုပ်ပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် ဗီယက်နမ်နိုင်ငံကို အဆိုပြုခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးကလည်း သန့်ရှင်းသောစွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရာတွင် စင်္ကာပူနိုင်ငံက မူဝါဒလုပ်ထုံးလုပ်နည်းအတွေ့အကြုံများကို မျှဝေပေးရန်မျှော်လင့်လျက်ရှိပါသည်။ စင်္ကာပူနိုင်ငံသည် အာဆီယံတွင် ဗီယက်နမ်နိုင်ငံ၏ စတုတ္ထအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ဒုတိယအကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်ပါသည်။ ၂၀၂၃ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉.၁ဘီလီယံရှိခဲ့ပြီး ၂၀၂၄ခုနှစ်၏ ပထမ ၂လတာကာလတွင် အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံရှိခဲ့ပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)