ဗီယက်နမ်၌ ဆားငန်ရေဝင်ရောက်မှု မြင့်တက်ခြင်းက သီးနှံတန်ဖိုး ဒေါ်လာ ၃ ဘီလီယံအထိ ဆုံးရှုံးစေနိုင်

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၌ စိုက်ပျိုးနိုင်သောမြေများထဲသို့ ရေငန်များပိုမိုစိမ့်ဝင်လာခြင်းကြောင့် သီးနှံ ဆုံးရှုံးမှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိကြောင်း ဗီယက်နမ်နိုင်ငံပိုင် VnExpress သတင်းဌာနက ၁၇-၃-၂၀၂၄ ရက်နေ့၌ ရေးသားဖော်ပြပါသည်။ ဗီယက်နမ်၏ စပါးကျီ ဟု လူသိများသော လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကြောင်းပြုနေ သည့် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသသည် သီးနှံပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နိုင်သည့် အချက်အချာနေရာ တစ်ခု ဖြစ်နိုင်ကြောင်း ဗီယက်နမ်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ သုတေသနပြုချက်တွင် ဖော်ပြထားခြင်းဖြစ်ပါသည်။

     ခြောက်သွေ့ရာသီတွင် ရေငန်ပမာဏ မြင့်မားလေ့ရှိသော်လည်း ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း၊ ဒီရေအတက်အကျနှင့် အထက်ပိုင်းရေချိုနည်းပါးခြင်းတို့ကြောင့် ရေငန်စိမ့်ဝင်မှု ပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း၊ သီးနှံဆုံးရှုံးမှုသည် ဗီယက်နမ် ဒေါင်ငွေ ၇၀ ထရီ လီယံ (ဒေါ်လာ ၂.၉၄ ဘီလီယံ) အထိရှိလာနိုင်ကြောင်း၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၏ ထိခိုက်မှု အရှိဆုံး အစိတ်အပိုင်းများအနက်မှ တောင်ဘက်စွန်း Ca Mau ပြည်နယ်တွင် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၆၆၅ သန်းနှင့်  Ben Tre ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၄၇၂ သန်းခန့် ဆုံးရှုံးမှုနှင့် ရင်ဆိုင်နိုင်ရကြောင်းဖြင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန လက်အောက်ရှိ ရေအရင်းအမြစ် သိပ္ပံဌာနမှ ပြုစုသည့်သုတေသနစာတမ်းအား ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ညီလာခံ တွင် တင်ပြချက်ကို ကိုးကား၍ VnExpress သတင်းဌာနက ဖော်ပြကြောင်း သိရှိရပါသည်။

    လက်ရှိအခြေအနေအရ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ၌ သီးနှံများ ထိခိုက်ပျက်စီးမှု အနေဖြင့် သစ်သီးဝလံသည် ၂၉% ၊ ကောက်ပဲသီးနှံသည် ၂၇% နှင့် စပါးစိုက်ပျိုးမှုသည် ၁၄% ခန့်ရှိကြောင်း၊ ငါးလုပ်ငန်းတွင် ဆုံးရှုံးမှုမှာ ဗီယက်နမ်ဒေါင် ၂၁,၀၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄၀ သန်း) ကျော်ရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၀% ရှိကြောင်း၊ အနာဂတ်ကာလတွင် ဒေသတွင်း၌ ဆုံးရှုံးမှု ကြီးမားနိုင်မည်ဟု ခန့်မှန်းထားပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံကျော်အထိ မြင့်တက်လာနိုင်ကြောင်း ဗီယက်နမ် ရေအရင်းအမြစ်သိပ္ပံဌာနမှ ပြုစုသည့် သုတေသနစာတမ်း တွင် ဖော်ပြထားပါသည်။

    မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ စပါးနှင့် သစ်သီးခြံ ဧရိယာ ဟက်တာပေါင်း ၈၀၀၀၀ ခန့်တွင် ဆားငန်ရေစိမ့်ဝင်မှု ကျရောက်နိုင်သည်ဟု  ရေအရင်းအမြစ်ဦးစီးဌာနက ၂၀၂၄ ခုနှစ် မတ်လ အစောပိုင်းတွင် သတိပေးပြောကြားခဲ့သည်။ ဗီယက်နမ် မြစ်ချောင်းနှင့် မိုးလေဝသခန့်မှန်းချက် ဆိုင်ရာ အမျိုးသားဗဟိုဌာနကလည်း ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန် ရေဝင်ရောက်မှုသည် ပျမ်းမျှထက်ပိုများနေကြောင်း ဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံ၌ မဲခေါင်မြစ်ဝ ကျွန်းပေါ်ဒေသသည် ဖေဖော်ဝါရီလတွင် ပုံမှန်မဟုတ်သော အပူလှိုင်းဒဏ်ကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရပြီး ဒေသအများအပြား၌ မိုးခေါင်ရေရှားမှုနှင့် ဒေသတွင်းရှိတူးမြောင်းများတွင် ရေနည်း ပါးမှုဒဏ်နှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

Source: Business Recorder, 18 Mar 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)