ရောင်းလိုအားနည်းပါးပြီး ဝယ်လိုအားကောင်းမှုအရ ဗီယက်နမ်ကော်ဖီစေ့ ဈေးနှုန်းများမြင့်တက်

Powered by Drupal

     ဗီယက်နမ်နိုင်ငံတွင် ရောင်းလိုအား ကျဆင်းမှုကြောင့် ၂ဝ၂၄ ခုနှစ် မတ်လအစောပိုင်းတွင် ကော်ဖီစေ့ဈေးနှုန်းများမှာ ၈.၉၆% မြင့်တက်ပြီး ကော်ဖီစေ့ ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်ငွေ ၉၁၂ဝဝ (အမေရိကန်ဒေါ်လာ ၃.၇ဝ) သို့ ရောက်ရှိခဲ့ပါသည်။ ဈေးနှုန်းအနည်းငယ် ပြန်မကျမီ ၃ ရက်ခန့်အလိုဖြစ်သော မတ်လ ၈ ရက်နေ့တွင် ကော်ဖီဈေးနှုန်းသည် ဗီယက်နမ်ဒေါင် ၉၂ဝဝဝ ဖြင့် အမြင့်ဆုံး စံချိန်တင်ရောက်ရှိခဲ့ပြီး ၁ နှစ်တာကာလအတွင်း ၂၈.၈% မြင့်တက်ခဲ့ခြင်းကြောင်း သိရှိ ရပါသည်။

     ဗီယက်နမ်နိုင်ငံ Dak Lak ခရိုင်ရှိ ကော်ဖီကုန်သည်တစ်ဦးဖြစ်သူ Ms. Nguyen Hoang Yen က ၂ဝ၂၂-၂၃ ကော်ဖီရိတ်သိမ်းရာသီအတွင်း ဒီဇင်ဘာလကပင် ၎င်း၏ ကော်ဖီစေ့ ကုန်လက်ကျန် တစ်ဝက်မှာ တင်ပို့သူများထံ ရောင်းချခဲ့ပြီးဖြစ်ကြောင်းနှင့် ကမ္ဘာ့ကော်ဖီစေ့ ဝယ်လိုအား မြင့်တက် ပြီး အရောင်းကျဆင်းနေမှုကြောင့် ကော်ဖီစေ့ဈေးနှုန်းများမှာ မကြာမီကာလတွင် စံချိန်အသစ်သို့ ဆက်လက်မြင့်တက်လာနိုင်ကြောင်း ပြောဆိုပါသည်။

   ကော်ဖီစေ့ ဝယ်လိုအားမြင့်မားနေမှုကြောင့် မေလတွင်တင်ပို့ရမည့် ရိုဘတ်စတာကော်ဖီ LRCc2 ကြိုတင်အရောင်းစာချုပ်ပါဈေးနှုန်းမှာ ယခုနှစ်အတွင်း ဒေါ်လာ ၂ဝဝ ခန့် မြင့်တက်ခဲ့ပြီး မတ်လ ဒုတိယပတ်၌ ၁ တန်လျှင် ဒေါ်လာ ၃၃၈၁ နှုန်းသို့ ရောက်ရှိခဲ့ကြောင်း Dak Lak ခရိုင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ပြောကြားခဲ့သည်။ ဗီယက်နမ်ကိုကာ ကော်ဖီအသင်း (VICOFA) ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Do Ha Nam က ကမ္ဘာ့ကော်ဖီ ရောင်းလို အားမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သောရာသီကာလအတွင်း ရိတ်သိမ်းခဲ့သော ကော်ဖီ၏ ၃ဝ% မျှသာ ဈေးကွက်တွင် ဆက်လက်ကျန်ရှိကြောင်းနှင့် အသင်း၏ ခန့်မှန်းချက်အရ ရာသီဥတုပြောင်းလဲမှုနှင့် တောင်သူများမှ ပိုမိုအမြတ်အစွန်းရရှိသည့် ဒူးရင်းသီး နှင့် အခြားသစ်သီးများသို့ ပြောင်းလဲစိုက်ပျိုးကြခြင်းကြောင့် ယခုနှစ် ကော်ဖီရိတ်သိမ်းမှုမှာ ၁ဝ% ခန့် လျော့နည်းကျဆင်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

     အခြားသော ကော်ဖီထုတ်လုပ်မှု အကြီးမားဆုံးနိုင်ငံများဖြစ်သည့် ဘရာဇီး၊ အင်ဒိုနီးရှားနှင့် အိန္ဒိယတို့တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ကော်ဖီစေ့ထုတ်လုပ်မှုမှာ ၁ဝ% မှ ၁၅% အကြား ကျဆင်းခဲ့သည်။ ပင်လယ်နီဒေသ၌ လုံခြုံရေးတင်းမာမှုများကြောင့် သင်္ဘောတင်ပို့ခများ မြင့်တက် မှုနှင့်အတူ ကော်ဖီဈေးနှုန်းများသည်လည်း လိုက်ပါမြင့်တက်လာကြောင်း သိရှိရပါသည်။

   ကော်ဖီစေ့လှော်သည့် လုပ်ငန်းအများအပြား၏ ဝယ်လိုအားမြင့်တက်သော အချိန်ကာလဖြစ်သည့် ဇွန်လအတွင်း ကမ္ဘာ့ အဓိကစီးပွားရေးဖွံ့ဖြိုးတိုးတက်သော နိုင်ငံများက အတိုးနှုန်းများ ဖြတ်တောက် လျှော့ချရန်စီမံဆောင်ရွက်မှု နှင့်အတူ ကော်ဖီစေ့ဈေးနှုန်းများမှာ မကြာမီကာလ အတွင်း လျော့နည်းကျဆင်းနိုင်မည့် အလားအလာမရှိကြောင်း VICOFA အသင်း၏ ပြောကြား ချက်အရ သိရှိရပါသည်။

     ဘရာဇီးနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ဒုတိယအကြီးမားဆုံး ကော်ဖီတင်ပို့သည့် ဗီယက်နမ် နိုင်ငံ၌ ကော်ဖီထုတ်လုပ်မှု၏ ၃ဝ% ရာခိုင်နှုန်းကျော်သည် Dak Lak ဒေသမှ ထွက်ရှိကြောင်း၊ ၂ဝ၂၄ ခုနှစ်၏ ပထမ ၄၅ ရက်အတွင်း ဗီယက်နမ်နိုင်ငံသည် တန်ဖိုးအားဖြင့် ဒေါ်လာ ၉၁၁ သန်းရှိ သော ကော်ဖီတန်ချိန် ၂၉၅ဝဝဝ ခန့်ကို တင်ပို့ခဲ့ပြီး နှစ်အလိုက်တိုးတက်မှု ၆၇% ရရှိခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လက်ရှိကော်ဖီစေ့ ပျမ်းမျှဈေးနှုန်းမှာ ၁ တန်လျှင် ဒေါ်လာ ၃၁ဝဝ ရှိ သဖြင့် ယခင်နှစ်ကာလတူထက် ၄၃% ပိုမိုမြင့်တက်လာခဲ့ကြောင်းနှင့် VICOFA အသင်း၏ ခန့်မှန်းချက် အရ ကော်ဖီတင်ပို့မှုမှာ ၂ဝ၂၃ ခုနှစ်၌ ရရှိခဲ့သော တင်ပို့မှုတန်ဖိုး ဒေါ်လာ ၄.၂၄ ဘီလီယံကို ကျော် လွန်လျက် ၂ဝ၂၄ ခုနှစ်အတွင်း ဒေါ်လာ ၄.၅ ဘီလီယံမှ ၅ ဘီလီယံအထိ စံချိန်တင် ရောက်ရှိဖွယ် ရှိကြောင်း သိရှိရပါသည်။

Source: VnExpress International, March 18, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)