အယ်လ်နီညိုကြောင့် ဗီယက်နမ် တောင်ပိုင်းဒေသများ၌ အားပြင်းသည့် အပူလှိုင်း ကြုံတွေ့ရနိုင်

Powered by Drupal

    ဗီယက်နမ်နိုင်ငံ၌ ဟိုချီမင်းမြို့တော်အပါအဝင် တောင်ပိုင်းဒေသများသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ကာလပိုမိုကြာရှည်ပြီး အားပြင်းသည့် အပူလှိုင်းကို ကြုံတွေ့ရဖွယ်ရှိကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။

    လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဟိုချီမင်းမြို့တော်နှင့် တောင်ပိုင်းနယ်မြေ ဧရိယာဒေသများစွာ၌ အပူချိန်သည် ၃၆ - ၃၇ ဒီကရီ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ရာ ဒေသတွင်းနေထိုင်သူများအကြား မောပမ်းနွမ်းနယ်မှုနှင့် ရေဓာတ်ဆုံးရှုံးမှုတို့ကို ဖြစ်ပေါ် စေခဲ့သည်။ ပုံမှန်အားဖြင့် ဗီယက်နမ်တောင်ပိုင်း၌ အပူလှိုင်း စတင်မှုမှာ ဖေဖော်ဝါရီလလယ်ပိုင်းခန့်တွင် ဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်၌ အယ်လ်နီညို၏ သက်ရောက်မှုကြောင့် ဆောလျင်စွာ ဝင်ရောက်ခဲ့ပြီး ဧရိယာအားဖြင့်လည်း ပိုမိုကျယ်ပြန့်စွာ ကြုံတွေ့လာရကြောင်း သိရှိရသည်။ 

      ဗီယက်နမ် တောင်ပိုင်းဒေသ မိုးလေဝသဌာန၏ အကြီးအကဲဖြစ်သူ Lê Đình Quyết က ရှေ့လာမည့် အယ်လ်နီညိုကာလသည် ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကြုံတွေ့ခဲ့ရသော အပူလှိုင်းများထက် ပိုမိုအားကောင်းသည့် အပူလှိုင်းကျရောက်မှုကို သယ်ဆောင်လာနိုင်ကြောင်း၊ အထူးသဖြင့် မတ်လနှင့် ဧပြီလများ၌ ကာလရှည် အပူလှိုင်းဆက်လက်ဖြစ်ပေါ်မည်ဟု ခန့်မှန်းရ ကြောင်း၊ ထိုသို့ အပူချိန်ပြင်းထန်မြင့်တက်မှုနှင့်အတူ မိုးရွာသွန်းမှု လျော့နည်းနိုင်သည့်အခြေအနေ တို့သည် စိုက်ပျိုးမြေဧရိယာများ၌ ခြောက်သွေ့မှုနှင့် ဆားအငန်ဓာတ် ဝင်ရောက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့အပြင် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်နယ်များတွင် မြေလွှာတိုက်စားခြင်း မြင့်တက်မည့် အန္တရာယ်ရှိကြောင်း ပြောကြားခဲ့သည်။

     ဗီယက်နမ် မိုးလေဝသပညာရှင်များက ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံတောင်ပိုင်းဒေသများသည် ရာသီဥတုပုံသဏ္ဌာန်မမှန်မှုကို ကြုံတွေ့ရနိုင်ကြောင်း၊ ယခင်နှစ်များထက် နေသာသောနေ့ရက်များ ပိုမိုမည်ဖြစ်ပြီး ဒုတိယနှစ်ဝက်တွင် မိုးကြီးမှုနှင့် ရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိသည်။

Source: Vietnam News, 20 Feb 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)