ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပဲပုပ်ဆီအား ပုံသေဈေးနှုန်းသတ်မှတ်၍ ရောင်းချမည်

Powered by Drupal

   ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အသက်ဝင်မည့် ဘူးသွင်း စားသုံးဆီဈေးနှုန်းကို တစ်လီတာလျှင် ၁၀ တာကာလျှော့ချကာ  ၁၆၃ တာကာဖြင့် ပုံသေဈေးနှုန်း သတ်မှတ်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း Daily Bangladesh က ဖော်ပြပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် အလွတ်ရောင်းချသည့် ပဲပုပ်ဆီ ဈေးနှုန်းကို တစ်လီတာလျှင် ၁၄၉ တာကာ နှုန်းဖြင့် သတ်မှတ်ခဲ့ကြောင်း သိရပါသည်။

   ဘင်္ဂလားဒေ့ရှ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀-၂-၂၀၂၄ နေ့ တွင် ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ဈေးကွက်ဖြန့်ချီရေး လုပ်ငန်းများမှ ကိုယ်စားလှယ်များအပါအဝင်  စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

   အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ၌ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Mr. Ahsanul Islam Titu က လက်ရှိဒေါ်လာဈေးနှုန်းအခြေအနေအရ သယ်ယူပို့ဆောင် စရိတ်များမြင့်တက်မှုရှိပြီး  ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်များ ပြောင်းလဲမှု မရှိသော်လည်း စားသုံးဆီအပေါ် အခွန်လျှော့ချ သတ်မှတ်မှုနှင့် အစိုးရ၏တောင်းဆိုမှုတို့အရ ရာမဒန်ဥပုသ်အခါသမယတွင် ပဲပုပ်ဆီဈေးနှုန်းအား တစ်လီတာလျှင် ၁၀ တာကာနှုန်းဖြင့် လျှော့ချသတ်မှတ်ရန် စားသုံးဆီ ထုတ်လုပ်ဖြန့်ချီသည့် ကုမ္ပဏီများက သဘောတူညီခဲ့ကြကြောင်း၊ လက်ရှိ ဘူးသွင်း ပဲပုပ်ဆီဈေးမှာ တစ်လီတာလျှင် ၁၇၃ တာကာ ဖြစ်သော်လည်း မတ် ၁ ရက်မှစ၍ တစ်လီတာလျှင် ၁၆၃ တာကာဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ အလားတူ ဘူးသွင်းမှုမပြုပဲ အလွတ်ရောင်းချသည့် ပဲပုပ်ဆီဈေးနှုန်းကို တစ်လီတာလျှင် တာကာငွေ ၁၄၉ နှုန်း ဖြင့် သတ်မှတ်ထားကြောင်း၊ ယခုကဲ့သို့ ပုံသေစျေးနှုန်းဖြင့် ရောင်းချစေခြင်းကို ကာလမည်မျှကြာသည်အထိ သတ်မှတ်မည်ဆိုသည်မှာ ပြည်တွင်းနှင့် နိုင်ငံတကာ စျေးကွက်အခြေအနေများကို ပြန်လည်သုံးသပ်ရရှိသည့်ရလဒ်များအ‌ပေါ်  မူတည်လျက်ရှိကြောင်း၊ သို့သော် ဈေးနှုန်းကို လစဉ်ပြင်ဆင် သတ်မှတ်မည်ဖြစ်ကြောင်းဖြင့် သတင်းထောက်များအား အသိပေးပြောကြားခဲ့သည်။

   စားအုန်းဆီအတွက် အလားတူ ပုံသေဈေးနှုန်း သတ်မှတ်ခြင်းမပြုသည့် အကြောင်းအရင်းကို မေးမြန်းရာတွင် လက်ရှိကမ္ဘာ့ဈေးကွက်၌ စားအုန်းဆီဈေးနှုန်းသည် မြင့်တက်နေကြောင်း၊ ပြည်တွင်း၌ စားအုန်းဆီသည် ပဲပုပ်ဆီထက် ဈေးနှုန်းပိုမိုကြီးမြင့်ကြောင်း၊ ယင်းအခြေအနေတွင် အစိုးရက စားအုန်းဆီဈေးနှုန်းကို ပြင်ဆင်သတ်မှတ်ရန်မှာ အကျိုးအကြောင်း ဆီလျော်မှုရှိနိုင်မည် မဟုတ်ကြောင်း Mr. Titu က ဖြေကြားခဲ့သည်။

Source: Daily Bangladesh, 20 February 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)