အင်ဒိုနီးရှားနိုင်ငံ၌ စားအုန်းဆီ ရည်ညွှန်းဈေးနှုန်း မြှင့်တင်သတ်မှတ်

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၉ ရက်နေ့အထိ ကာလအပိုင်းအခြားအတွက် စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို မက်ထရစ် ၁ တန် လျှင် ၇၇၄.၉၃ အမေရိကန်ဒေါ်လာနှုန်းမှ ၈၀၆.၄၀ ဒေါ်လာနှုန်းသို့ မြှင့်တင်သတ်မှတ်လိုက် ကြောင်း ၃၁-၁-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

          အဆိုပါ ထုတ်ပြန်ချက်အရ စားအုန်းဆီကြမ်း ပြည်ပတင်ပို့မှုအပေါ် ပို့ကုန်အခွန်မှာ ၁ တန် လျှင် ၃၃ ဒေါ်လာနှင့် ကုန်စည်အခွန်မှာ ၁ တန်လျှင် ၈၅ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ယခင်က စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကို ၁ လလျှင် ၂ ကြိမ် ထုတ်ပြန်ခဲ့ရာမှ ဖေဖော်ဝါရီလမှ စတင်၍ ၁ လစာအတွက် သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါသည်။

          စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ပို့ကုန်လုပ်ငန်းရှင်များသို့ ခိုင်မာသေချာသည့်ဈေးနှုန်း တစ်ရပ်ကို ပံ့ပိုးပေးရန်နှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုကို ပိုမိုလွယ်ကူစေရန် အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြည်ပကုန်သွယ်မှုဌာနမှ ညွှန်ကြားရေးမှူးချုပ် Budi Santoso က ပြောကြားခဲ့သည်။

          ထိပ်တန်း စားအုန်းဆီတင်ပို့သူဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ် ပြောင်းလဲလျက်ရှိသော ဈေးနှုန်းများနှင့်အညီ ၎င်း၏ စားအုန်းဆီဈေးနှုန်းများကို လျင်မြန်စွာ ချိန်ညှိမှု လုပ်ဆောင်နိုင်ရန်အတွက် ရက်သတ္တပတ် ၂ ပတ်လျှင် ၁ ကြိမ် ရည်ညွှန်းဈေးနှုန်း သတ်မှတ်ထုတ်ပြန်ခြင်းကို ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီရှားပါးမှုဖြစ်ပေါ်နေချိန် ၂၀၂၂ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Source: The Edge Malaysia, 31 Jan 2024