ဗီယက်နမ်၏ အကြီးမားဆုံးဆန်ဝယ်ယူသူအဖြစ် ဖိလစ်ပိုင် ဆက်လက်တည်ရှိ

Powered by Drupal

         ဗီယက်နမ်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံကို အရေးပါသော ဆန်တင်သွင်းသူအဖြစ် ရှုမြင်ပါကြောင်း ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien က ဖိလစ်ပိုင် စိုက်ပျိုးရေးဌာန အတွင်းဝန် Francisco Tiu Laurel Jr. နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

          လက်ရှိကာလ၌ ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံတွင် အဆင့် ၆ နေရာ၌ရှိနေပြီး ကမ္ဘာ့အဆင့်တွင် နံပါတ် ၁၆ နေရာ၌ တည်ရှိနေသည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူအဖြစ်လည်း ဆက်လက်တည်ရှိနေသည်။ ၂၀၂၃ ခုနှစ်အတွင်း နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၇.၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၀.၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည်။

          ဖိလစ်ပိုင်နိုင်ငံသမ္မတ Ferdinand Romualdez Marcos Jr. ၏ ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီလ ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် သွားရောက်ခဲ့သည့် နိုင်ငံတော်ခရီးစဉ်အတွင်း ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနတို့အကြား ဆန်ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

          အဆိုပါနားလည်မှုစာချွန်လွှာ၌ လာမည့် ၅ နှစ်အတွင်း ဆန်ကုန်သွယ်မှုတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အဓိကဆောင်ရွက်ရန် ချမှတ်ထားပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို မှတ်ကျောက်တင်စေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးကိုလည်း အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

          ဗီယက်နမ်ဝန်ကြီး Dien က အဆိုပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးနောက် အကောင်အထည်ဖော်ရန်အတွက် အစီအမံတစ်ရပ်ကို နှစ်ဦးနှစ်ဘက် တည်ထောင်သွားရန် အကြံ ပြုခဲ့ပြီး အသီးအနှံနှင့် အသားထွက်ပစ္စည်းများတွင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တိရစ္ဆာန်နှင့်အပင်များ ပိုးမွှားရောဂါကင်းရှင်းမှုဆိုင်ရာ စီမံဆောင်ရွက်မှု SPS လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဖိလစ်ပိုင်ရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ အနေဖြင့် ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းခဲ့ပါသည်။

          ဖိလစ်ပိုင်စိုက်ပျိုးရေးအတွင်းဝန် Laurel က ဖိလစ်ပိုင်နိုင်ငံ၌ တင်သွင်းသည့် ဆန်ပမာဏ စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းမှာ ဗီယက်နမ်နိုင်ငံထံမှ ရယူခြင်းဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ယခု နှစ် ဆန်စပါးထွက်ရှိမှု ခန့်မှန်းချက်အား မျှဝေမှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ထောက်ပံ့မှုကို ထိန်းသိမ်းထားစေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

          ဗီယက်နမ်ဝန်ကြီး Dien က နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးယန္တရား အထူးသဖြင့် ဗီယက်နမ် - ဖိလစ်ပိုင် ပူးတွဲကုန်သွယ်မှု ဆပ်ကော်မတီကို နှစ်ဖက်လုံးက ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သင့်ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံသို့ ကာလရှည် ဆန်ထောက်ပံ့ရန် အသင့်ရှိပါကြောင်း အတည်ပြုပြောကြားခဲ့သည်။

Source: Vietnam Plus, 30 January 2024