အိန္ဒိယ၏ ပေါင်းဆန်ပို့ကုန် ဈေးနှုန်းများ မြင့်တက်

Powered by Drupal

          ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ဈေးနှုန်းများ လျော့နည်းသက်သာလာခဲ့ချိန်၌ အာရှနှင့် အာဖရိကဝယ်လက်များထံမှ ဝယ်လိုအားတည်ငြိမ်မှုနှင့် ရောင်းလိုအားအပိုင်းတွင် အကန့်အသတ် ရှိမှုများအရ အိန္ဒိယနိုင်ငံမှ တင်ပို့သည့် ပေါင်းဆန်စျေးနှုန်းများသည် ဇန်နဝါရီလ စတုတ္ထပတ်တွင် စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။

          အိန္ဒိယ၏ ဆန်ကွဲ ၅% ပါဝင်သော ပေါင်းဆန်များ၏ ၁ တန်ဈေးနှုန်းသည် ယခင် သီတင်း ပတ်တွင် အမေရိကန်ဒေါ်လာ ၅၂၅ မှ ၅၃၅ အတွင်းရှိရာမှ ဇန်နဝါရီလ စတုတ္ထပတ်၌ ဒေါ်လာ ၅၃၃ မှ ၅၄၂ အတွင်း နှုန်းထားအထိ မြင့်တက်လာခြင်းဖြစ်သည်။

          အစိုးရ၏ စပါးဝယ်ယူရေးလုပ်ငန်းဆောင်ရွက်မှုက ပေါင်းဆန်ထုတ်လုပ်သည့် ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် စျေးကွက်အတွင်း စပါးရောင်းလိုအား ကန့်သတ်မှုကို ဖြစ်ပေါ်စေကြောင်း၊ လက်ရှိကာလ၌ ဆန်စက်များသည် ရာသီအသစ်မှထွက်ရှိသော စပါးများကို ကြိတ်ခွဲလည်ပတ် လျက်ရှိရာ စပါးရရှိမှုလည်း လျော့နည်းနေကြောင်းဖြင့် Olam Agri India ၏ အကြီးတန်း ဒုတိယ ဥက္ကဋ္ဌ Nitin Gupta က ပြောကြားခဲ့သည်။

          အိန္ဒိယနိုင်ငံ၏ စပါးထွက်ရှိမှုသည် လက်ရှိဘဏ္ဍာရေးနှစ်တွင် ၈ နှစ်တာအတွင်း ပထမဆုံး အကြိမ် ကျဆင်းသွားဖွယ်ရှိပြီး ရွေးကောက်ပွဲကာလမတိုင်မီ၌ စားသောက်ကုန်ဈေးနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များမှာ တိုးမြင့်မည့် အလား အလာရှိနေပါသည်။

          ဗီယက်နမ်နိုင်ငံတွင် စပါးအသစ်များ ရိတ်သိမ်းထွက်ပေါ်လျက်ရှိပြီး ဆန်ကွဲ ၅% ပါဝင်သော ဆန် ၁ တန်၏ ဈေးနှုန်းသည် ယခင်သီတင်းပတ်၌ ၆၅၃ ဒေါ်လာနှုန်းရှိရာမှ ယခု ၆၃၀ ဒေါ်လာသို့ ကျဆင်းခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင်လည်း ဘတ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် ဆန်ကွဲ ၅% ပါဝင် သော ဆန် ၁ တန်လျှင် ဇန်နဝါရီလ တတိယပတ် ဈေးနှုန်းအောက် ၂ ဒေါ်လာခန့် ကျဆင်းလျက် ၆၆၃-၆၆၅ ဒေါ်လာဈေးနှုန်းဖြင့် ကမ်းလှမ်းရောင်းချလျက်ရှိကြောင်း Economic Times သတင်း ဌာနက ဖော်ပြထားပါသည်။

Source: Economic Times, 26 January 2024