အီဂျစ်အစိုးရက နိုင်ငံတကာတင်ဒါ ခေါ်ယူလျက် ဆန်ဝယ်ယူမည်

Powered by Drupal

     အီဂျစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တင်ဒါခေါ်ယူမှုစနစ်ဖြင့် မည်သည့်ပင်ရင်းနိုင်ငံထံမှမဆို ရာနှုန်းပြည့် ကြိတ်ခွဲထားပြီးဖြစ်သည့် ဆန်လုံးပုများကို ဝယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံပိုင် ကုန်စည်များထောက်ပံ့မှုဆိုင်ရာ အထွေထွေ အာဏာပိုင်အဖွဲ့ (General Authority for Supply Commodities - GASC) က ၂၈-၁-၂၀၂၄ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

     ဝယ်ယူမည့်ဆန်များ အီဂျစ်နိုင်ငံဆိပ်ကမ်းသို့ ဆိုက်ရောက်ရမည့်ရက်သည် မတ်လ ၁၅ ရက် နေ့မှ ဧပြီလ ၁၅ ရက်နေ့ထိဖြစ်ပြီး GASC အနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို တင်ဒါကမ်းလှမ်း ချက်များ တင်သွင်းရမည့် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားကြောင်း၊ ကမ်းလှမ်းချက်များသည် ဖေဖော်ဝါရီ ၁၇ ရက်အထိသာ တရားဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

     ဝယ်ယူမည့်ဆန်၏ အဆင့်အတန်းသတ်မှတ်ချက်မှာ ဆန်ကွဲပါဝင်မှု ၁၀% ရှိသော ၂၀၂၃-၂၀၂၄ ခုနှစ်ထွက် သီးနှံဖြစ်ရန်လိုအပ်ကြောင်း၊ ၅၀ ကီလိုဂရမ် (၁၁၀.၂၃ ပေါင်) ဝင် အိတ်များဖြင့် ထုပ်ပိုးထားရှိရမည်ဖြစ်ကြောင်း၊ ငွေပေးချေမှုစနစ်မှာ သင်္ဘောတင်ကုန်ကျစရိတ်၊ အာမခံကြေးနှင့် သယ်ယူပို့ဆောင်စရိတ်တို့ ပါဝင်ပြီးဖြစ်သော ဆိပ်ကမ်းအရောက် CIF တန်ဖိုးအပေါ် အခြေခံမည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် အီဂျစ်ပေါင်ငွေဖြင့် ရက်ပေါင်း ၁၈၀ နှင့် ၂၇၀ အတွင်း၌ ငွေလွှဲစာတမ်း (letters of credit) ပေးပို့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

     ကုန်ပေးသွင်းမည့်သူများသည် အနိမ့်ဆုံးပမာဏ ဆန်မက်ထရစ်တန် ၂၀၀၀၀ ကို ၁၀% အတိုးအလျှော့ထားရှိလျက် အဆိုပြုကမ်းလှမ်းရမည်ဖြစ်ကြောင်း၊ မက်ထရစ်တန် ၁ တန်လျှင် ကုန်ကျမည့် အကောက်ခွန်ရှင်းလင်းမှု၊ ကုန်ချစရိတ်နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို အီဂျစ် ပေါင်ငွေဖြင့် ပေးချေမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ကျစရိတ်တွင် အီဂျစ်နိုင်ငံ Holding Company မှ သတ်မှတ်ထားသော သိုလှောင်ရုံအတွက်အပါအဝင် ထပ်တိုးတန်ဖိုးအခွန်လည်း ပါဝင်ကြောင်း GASC မှ ပြောကြားထားသည်။

     တင်ဒါတင်သွင်းသူများသည် ကနဦးစပေါ်ငွေ ဒေါ်လာ ၇၅၀၀၀ သို့မဟုတ် အဆိုပါငွေနှင့် ညီမျှသော အီဂျစ်ပေါင်‌ငွေပမာဏကို ကနဦးစပေါ်ငွေအဖြစ် ပေးသွင်းရမည်ဖြစ်ပြီး GASC အတွက် အာမခံစာတမ်းတစ်စောင်လည်း ပါဝင်ရမည်ဖြစ်သည်။ ထို့အပြင် တင်ဒါအဆိုပြုလွှာ တင်သွင်းရာ တွင်  ရောင်းချမည့်ဆန်၏ အလေးချိန် ၂ ကီလိုဂရမ်ရှိသော နမူနာသုံးခုနှင့်အတူ ၎င်းတို့၏ အသေး စိတ်အချက်များကို ရက်စွဲနှင့်တကွ ပေးပို့ရမည်ဖြစ်ကြောင်း GASC မှ ပြောကြားခဲ့သည်။

    တင်ဒါအောင်မြင်သူများသည် ရောင်းချသည့်ဆန်များကို အီဂျစ်စားသောက်ကုန်လုပ်ငန်း ဦးပိုင်ကုမ္ပဏီ (Holding Company For Food Industries) က သတ်မှတ်ထားသည့် သိုလှောင်ရုံ များသို့ ပေးပို့အပ်နှံရမည်ဖြစ်ကြောင်း သိရှိရသည်။

Source: NASDAQ, 28 January 2024