ဆိုင်ကယ်ဝယ်ယူမှုနှင့်ပတ်သက်၍ တိုင်ကြားလာခြင်းအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

    ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်နေ တိုင်ကြားသူသည် လွိုင်ကော်မြို့၊ ဆိုင်ကယ်အရောင်းဆိုင် တစ်ဆိုင်က ဆိုင်ကယ်ဝယ်ယူခဲ့ရာ Owner Book မရရှိ၍ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ် တိုင်ကြားလာပါသည်။

      ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။     တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန  ကယားပြည်နယ်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် တိုင်ကြားသူ၏ အထောက်အထားများကို စစ်ဆေးခဲ့ရာ တိုင်ကြားသူသည် ၁-၁၁-၂၀၂၀ ရက်နေ့တွင် Supernova 125 (စိမ်း) ဆိုင်ကယ်ကို ၉၈၀,၀၀၀/- ကျပ် တန်ဖိုးရှိ ဆိုင်ကယ်ကို ငွေသားဖြင့်ပေးချေပြီး ဆိုင်ကယ်အရောင်းဆိုင်မှ လက်ငင်းငွေပေးချေဝယ်ယူခဲ့ရာ တိုင်ကြားသည့် ၂၇-၇-၂၀၂၃ ရက်နေ့အထိ Owner Book မရရှိသေးကြောင်း စိစစ်တွေ့ရှိရသည့်အတွက် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်ထံသို့ ၂-၈-၂၀၂၃ ရက်နေ့တွင် ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍မရသောကြောင့် အကြောင်းကြားစာ ပေးပို့ဆောင်ရွက်ခဲ့ပါသည်။ ၃-၈-၂၀၂၃ ရက်နေ့တွင် ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ ကယားပြည်နယ် (CICC) သို့ လာရောက်၍ နိုင်ငံရေးအခြေအနေရ စစ်ရှောင်ရင်း ဆိုင်ကယ် Owner Book များ ပျောက်ဆုံးခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့ ကုမ္ပဏီအနေဖြင့်မဟုတ်ဘဲ ကြားခံကုမ္ပဏီတစ်ခုဖြင့် ဆိုင်ကယ်များ တင်သွင်းခြင်းဖြစ်သည့်အတွက် အစီးရေများ၍ အချိန်ကြန့်ကြာခြင်းနှင့် ပျောက်ဆုံးသွားသည့်ဆိုင်ကယ် Owner Book ပိုင်ရှင်များအား တောင်းပန်ထားပါကြောင်း၊ ဆိုင်ကယ်နံပါတ်များရရှိရေးကို ၎င်းတို့ကုမ္ပဏီအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပြန်လည်လျှောက်ထားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(လွိုင်ကော်ရုံး)နှင့် ချိတ်ဆက်ဆောင်ရွက်ထားပါကြောင်း၊ ၎င်းတို့အနေဖြင့် တိုင်ကြားသူ စိတ်ကျေနပ်မှုရရှိသည်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ကယားပြည်နယ်(CICC)တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်သို့ စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၂၁ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားခဲ့ပါသည်။  ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ ဆိုင်ကယ် Owner Book များရရှိရေး အာမခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆိုင်ကယ်ဝယ်ယူသည့်နေ့ရက်မှ ယနေ့အချိန်ထိ သက်တမ်းတိုး(၄)နှစ်စာအား တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ညှိနှိုင်းသဘော တူညီချက်ရရှိခဲ့ပါသည်။ သဘောတူညီချက်အတိုင်း ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင်မှ တိုင်ကြားသူထံသို့ ၁၆-၉-၂၀၂၃ ရက်နေ့တွင် Owner Book နှင့် စာရွက်စာတမ်းများ လက်ဝယ်ပေးအပ်ပြီးဖြစ်၍ တိုင်ကြားသူမှလည်း ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုကို ၁၈-၉-၂၀၂၃ ရက် နေ့တွင် ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။