ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

         အိန္ဒိယနိုင်ငံသတင်း စားအုန်းဆီထုတ်လုပ်မှု ၃ ဆ တိုးမြှင့်ရန် မျှော်မှန်းထား ၁။ အိန္ဒိယနိုင်ငံ အစိုးရသည် လက်ရှိ စားအုန်းဆီထုတ်လုပ်မှု ပမာဏ တန်ချိန် (၃)သိန်းမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တန်ချိန် (၁၁)သန်းအထိ တိုးမြှင့်ထုတ်လုပ်လျှက် ပြည်တွင်းစားအုန်းဆီ အား သွင်းကုန်အပေါ် အမှီပြုနေရမှုကိုလျှော့ချနိုင်ရန် ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျှက်ရှိရာ နိုင်ငံအရှေ့မြောက်နယ်မြေဒေသ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းတွင် ဆီအုန်းတိုးချဲ့စိုက်ပျိုးရန် အထူးစီမံ ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လဆန်းတွင် ကျင်းပခဲ့သည့် အစိုးရ ဝန်ကြီးများအဖွဲ့ အစည်းအဝေးတွင် အမျိုးသား စားသုံးဆီနှင့် စားအုန်းဆီ စီမံကိန်းအဆိုပြုလွှာကို တင်သွင်း၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတည်ပြုခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းအရ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စားအုန်းဆီ စိုက်ပျိုးမှုဧရိယာ ဟက်တာ(၁၀)သိန်းအထိနှင့် ၂၀၂၉-၂၀၃၀ ခုနှစ်၌ ဟက်တာ (၁၆.၇)သိန်းအထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တောင်သူများ၏ ထုတ်ကုန်များ ဈေးကောင်းရရှိစေရေးအတွက် ဗဟိုအစိုးရမှ ဆီအုန်းစိုက်ပျိုးသည့် တောင်သူများထံသို့ ရန်ပုံငွေ အထောက်အပံ့များပေးအပ်မှုအပြင် ဈေးနှုန်းတွက်ချက်မှုပုံစံကို ဖော်ထုတ်လုပ်ဆောင်မည် ဖြစ်ကြောင်း၊ အစိုးရ၏ စားအုန်းဆီ တိုးချဲ့ထုတ်လုပ်ရေးအစီအစဉ်နှင့် ပတ်သက်၍ အိန္ဒိယ ဆီကြိတ် လုပ်ငန်းရှင်များအသင်း(SEA) မှ အမှုဆောင်ဒါရိုက်တာက ၎င်းလုပ်ငန်းနယ်ပယ်၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်နိုင်ရန်အတွက် ရော်ဘာ၊ လက်ဖက်နှင့် ကော်ဖီတို့ကဲ့သို့ ဆီအုန်း စိုက်ပျိုးမှုကိုလည်း ဉယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သတ်မှတ်ကြေညာသင့်ကြောင်း၊ ဆီအုန်းစိုက်ပျိုးရန် သင့်လျော်သည့် မြေနေရာများကိုလည်း မြေပိုင်ဆိုင်လုပ်ကိုင်ခွင့်အား ကန့်သတ်သည့် Land Ceiling Act မှ ကင်းလွတ်ခွင့်ပြုရန် လိုအပ်ကြောင်း၊ ၎င်းတို့အနေဖြင့် ထင်သာမြင်သာသည့် ရလာဒ်ကောင်းများ ရရှိလာစေရေးအတွက် နောင်လာမည့် (၅)နှစ်အတွင်း ဆီထွက်သီးနှံမျိုးစေ့နှင့် စားအုန်းဆီ အစီအစဉ်ကို နှစ်စဉ် ရူပီးကုဋေ (၅၀၀၀)ခန့် ကျခံသုံးစွဲရန် အစိုးရသို့ အကြံပြုလိုကြောင်း သိရှိရပါသည်။

မြန်မာ- အိန္ဒိယနယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်မည်

၂။ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအစီအမံအရ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရှိ မိုရေး- တမူး နယ်စပ်ဂိတ်အား ကာလကြာမြင့်စွာ ပိတ်ထားခဲ့ရာ ယခုအခါ ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံဘက်မှ ကုန်စည်များအား အိန္ဒိယနိုင်ငံသို့ တင်သွင်းခြင်းမရှိစေပဲ တစ်လမ်းသွားကုန်သွယ်မှုကိုဆောင်ရွက်ခွင့်ပြုလျှက် ပြန်လည်ဖွင့်လှစ်ရန် မဏိပူပြည်နယ်အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ မဏိပူ ပြည်နယ်အစိုးရသည် ပြည်တွင်း၌ Covid-19 ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာသည့်အတွက် ၂၀၂၁ ခုနှစ်၊ မတ်လ (၉)ရက်နေ့မှ စတင်၍ Tengnoupal ခရိုင် မိုရေးမြို့ရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ပြီး ယခုအခါ မိုရေး-တမူးနယ်စပ် ဂိတ်အမှတ်(၁)နှင် (၂)တို့အား ပြန်လည်ဖွင့်လှစ်ရန်အတွက် လိုအပ်သောအစီအမံများ တင်းကျပ်စွာ ဆောင်ရွက်သွားရန် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လကုန်တွင် မဏိပူ ပြည်နယ်အစိုးရက တောင်ပိုင်း အာသံရိုင်ဖယ်တပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ်နှင့် Tengnoupal ခရိုင်၏ ဒုတိယကော်မရှင်နာတို့ထံ ညွှန်ကြားချက်အရ မြန်မာနိုင်ငံသို့ Covid-19 ရောဂါ ကာကွယ်ကုသမှုဆိုင်ရာ အရေးပေါ် လိုအပ်လျှက်ရှိသော ဆေးနှင့် ဆေးပစ္စည်းကိရိယာများကိုသာတင်ပို့ရန် အဆိုပါ နယ်စပ်ဂိတ်များအား ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံ၌ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသူဉီးရေ မြင့်တက်လျှက် ကပ်ရောဂါ ကျရောက်မှု ဆိုးရွားသည့်အခြေအနေကို ရုန်းကန်နေရမှုအပေါ် ယခုကဲ့သို့ နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စင်ကာပူနိုင်ငံသတင်း၊ လေကြောင်းပို့ဆောင်ရေးတွင် အချက်အချာကျသည့်အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ရန် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်မည်

၃။ စင်ကာပူသည်၎င်း၏နိုင်ငံနယ်နိမိတ်ကိုကြာရှည်စွာပိတ်ထားပါက ၎င်း၏စီးပွားရေးနှင့် လေကြောင်းပို့ဆောင်ရေးတွင် အချက်အချာကျသည့်နေရာတစ်ခုအဖြစ်ရပ်တည်နေသည့် ၎င်း၏ အဆင့်အတန်းကို ထိခိုက်လာနိုင်သဖြင့် နယ်စပ်ဝင်‌ပေါက်များကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးက ၁၉-၈-၂၀၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် Covid-19 ဆိုင်ရာ ဝန်ကြီးဌာန ပေါင်းစုံလုပ်ငန်းအဖွဲ့၏ အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း၊ Covid-19 ‌ကပ် ရောဂါကြောင့် နယ်စပ်ဂိတ်များကို ပိတ်ထားခဲ့ရသည့်အတွက် လူဉီးရေ(၁၉၀၀၀၀)ကျော်ကို အလုပ် အကိုင်ဖန်တီးပေးထားသော လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကဏ္ဍနှင့် ယင်းနှင့်ဆက်စပ်သော လုပ်ငန်းများမှာ အကြီးအကျယ်ထိခိုက်လျှက်ရှိကြောင်း၊ စင်ကာပူအနေဖြင့် နိုင်ငံများနှင့် ဒေသများ အလိုက် အတန်းအစား(၄)မျိုး ခွဲခြားသတ်မှတ်၍ မတူညီသောနယ်စပ်အစီအမံများကို ချမှတ် ဆောင်ရွက်ခြင်း၊ ဂျာမဏီနှင့် ဘရူနိုင်း(၂)နိုင်ငံမှ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံပြီးသည့် ခရီးသည်များ အတွက် Quarantine မလိုအပ်ဘဲ လာရောက်နိုင်မည့် “Vaccinated Travel Lane(VTL)” အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်တို့ဖြင့် နယ်စပ်ကန့်သတ်ချက်များကို စတင်ဖြေလျှော့သွားမည် ဖြစ်ပါကြောင်း၊ဘရူနိုင်းနိုင်ငံမှာ အပန်းဖြေခရီးသည်များအား ဝင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သော်လည်း စင်ကာပူနိုင်ငံသားများအား ဂျာမနီနှင့် ဘရူနိုင်းနိုင်ငံသို့ ခရီးသွားခွင့် ပြုမည်ဖြစ်ကြောင်း၊ ဤ အစီအစဉ်ကို ၁၈-၈-၂၀၂၁ ရက်နေ့တွင် စင်ကာပူ၌ Covid-19 ကာကွယ်‌ဆေး ထိုးနှံပြီးသူဉီးရေ ၇၇ % အထိ ရောက်ရှိလာခြင်းနှင့်အတူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အစပိုင်းတွင် ဂျာမဏီ နိုင်ငံမှ စင်ကာပူသို့ VTL အစီအစဉ်ဖြင့် နေ့စဉ်သတ်မှတ်ထားသော လေယာဉ်တစ်စီးသာ ဝင်ရောက် မည်ဖြစ်ပြီး ခရီးသည်အပြည့် ဝင်ရောက်လာပါက တစ်ပတ်လျှင် စင်ကာပူသို့ ခရီးသည် (၂၀၀၀) အထိ လာရောက်မည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံသားများနှင့် PR များအတွက် VTL အစီအစဉ်ဖြင့် အဆိုပါနိုင်ငံများသို့ သွားရောက်ခွင့်မှာ စက်တင်ဘာလ(၈)ရက်နေ့တွင် စတင်အသက်ဝင်မည် ဖြစ် သော်လည်း စင်ကာပူနိုင်ငံသားများနှင့် PR များသည် စင်ကာပူသို့ ပြန်လည်ဝင်ရောက်ရန်အတွက် VTL အစီအစဉ်အား လျှောက်ထားရန် မလိုအပ်ကြောင်းနှင့် စင်ကာပူအစိုးရသည် Covid-19 ရောဂါ ပြည်ပမှ ကူးစက်လာမှုအန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချရန် လိုအပ်သောကြောင့် သတိကြီးစွာ ဖြင့်သာ နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးက ပြောကြားခဲ့ ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-စင်ကာပူမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တရုတ်နိုင်ငံသတင်း ဆောင်းဉီးကောက်ပဲသီးနှံများအတွက် သဘာဝဘေးအန္တရာယ်မှကာကွယ်မှုများ ကြိုတင် စီစဉ် ထားရေး

၄။ တရုတ်နိုင်ငံ ဒေသအသီးသီး၌ မကြာမီကာလအတွင်း အလျှံအပယ်ထွက်ရှိလာတော့မည် ဆောင်းဉီးကောက်ပဲသီးနှံများအတွက် စိတ်ချရစေရန် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးဆိုင်ရာစီမံဆောင်ရွက်မှုများကို စီစဉ်ထားကြရန် တရုတ်လယ်ယာစိုက်ပျိုးရေးနှင့် ကျေး လက်ဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လလယ်တွင် အလေးအနက် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဆောင်းဉီးကောက်ပဲသီးနှံစိုက်ဧကမှာ တိုးပွားလာနေပြီး သီးနှံများ ကောင်းစွာ ကြီးထွားလာနေပြီး ရိတ်သိမ်းရာသီတွင် အကြီးမားဆုံးကြုံတွေ့နေရသည့် ခြိမ်းခြောက်မှုမှာ မိုးလေဝသဆိုင်ရာ ဘေးအန္တရာယ်များဖြစ်ကြောင်း၊တရုတ်နိုင်ငံတွင် ဩဂုတ်လနှင့် စက်တင်ဘာလ များအတွင်း အလွန်ဆိုးရွားသည့်မိုးလေဝသအခြေအနေများနှင့် မကြာခဏကြုံတွေ့ရဖွယ်ရှိကာ ဒေသအလိုက် မိုးမုန်တိုင်းများကျရောက်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ကိုလည်း ကြုံတွေ့ရနိုင် ကြောင်း၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် ရေခဲမှုများ စောစီးစွာ ကြုံတွေ့ရနိုင်သဖြင့် ကြိုတင် ကာကွယ်ရေးဆောင်ရွက်ထားသင့်ကာ မြစ်ဝါမြစ်၊ Huaihe မြစ်နှင့် Haihe မြစ်ဝှမ်းဒေသ များတွင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ရပြီးနောက် ထုတ်လုပ်မှု ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း၊ တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် ဆောင်းဉီးရာသီ၌ မိုးခေါင်ခြင်းနှင့် တိုင်ဖွန်းမုန်တိုင်းများဖြင့် ကြုံတွေ့ရနိုင်ကြောင်း၊ အနောက်မြောက်ပိုင်းဒေသ များတွင် မိုးရွာသွန်းမှုများ ဖြစ်လာနိုင်သည့်အတွက် သီးနှံဖွံ့ဖြိုးကြီးထွားမှု ပြန်လည်ရရှိစေရန် ထိုမိုးရေများကို အသုံးပြုသင့်သည်ဟု အကြံပြုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-နန်နင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘရာဇီးလ်နိုင်ငံ သတင်း ပြောင်းတင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်များအား ဩဂုတ်လကုန်တွင် ထုတ်ပြန်ဖွယ်ရှိခြင်း

၅။ ပြောင်းတင်သွင်းကုန်များအပေါ် အခွန်ကင်းလွတ်ခွင့်ပြုမည့်အစီအစဉ်အား ယခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် အစိုးရကထုတ်ပြန်နိုင်သည်ဟု ဘရာဇီးလ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးက ၂၀၂၁ ခုနှစ်၊ဩဂုတ်လလယ်တွင် အတည်ပြုပြောကြားခဲ့ကြောင်း၊ အစိုးရ၏ပြောင်းတင်သွင်းမှုအပေါ် အခွန် ကင်းလွတ်ခွင့်ပြုမည့်ဆောင်ရွက်ချက်သည် ၂၀၂၀ ပြည့်နှစ်မှစတင်၍ ထုတ်လုပ်မှုစရိတ် ၄၄% မြင့် တက်ခဲ့သည့် ဝက်မွေးမြူရေးကဲ့သို့သောအသားထုတ်လုပ်မှုကွင်းဆက်အပေါ်တွင် တိုက်ရိုက်အကျိုး သက်ရောက်မည်ဖြစ်ကြောင်း၊မွေးမြူရေးလုပ်ငန်းများတွင် တိရိစ္ဆာန်အစာအတွက် ပြောင်းကုန်ကြမ်း ကိုအဓိကအသုံးပြုနေရကြောင်း၊ဖက်ဒရယ်အစိုးရ၏ ပြောင်းတင်သွင်းမှုအပေါ်တွင် အခွန်ကင်းလွတ် ခွင့်ပြုမည့်အမိန့်ထုတ်ပြန်ချက်ကို ဩဂုတ်လကုန်တွင် လက်မှတ်ရေးထိုးဖွယ်ရှိရာ စိုက်ပျိုးရေး ဝန်ကြီးဌာနကပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ပါက ပြောင်းသွင်းကုန်များအပေါ် ဖက်ဒရယ်အစိုးရ ၏အခွန်သက်သာခွင့်များရရှိနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍတွင်ဖြစ်ပေါ်နေသည့် အစာဈေး နှုန်းများကြီးမြင့်မှုကို ပြန်လည်လျှော့ကျလာစေမည်ဖြစ်ပြီး အစိုးရ၏ အခွန်သက်သာခွင့်ကြောင့် ဝက်သားထုတ်လုပ်မှုကဏ္ဍတွင်ဖြစ်ပေါ်နေသည့် ထုတ်လုပ်မှုစရိတ် မြင့်မားနေမှုကို လျော့ကျစေပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းအားလည်း ပြန်လည်မြင့်မားလာနိုင်မည်ဖြစ်ကြောင်း ၊ ဝက်မွေးမြူရေး လုပ်ငန်းရှင်များအသင်းက အစိုးရ၏ဆောင်ရွက်ချက်သည် အသားထုတ်လုပ်သည့်ကဏ္ဍတွင် ကြုံ တွေ့နေရသည့် ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုကုန်ကျစရိတ်များအပေါ်တွင် ထိရောက်သော ကူညီ ပံ့ပိုးမှုဖြစ်သည်ဟုပြောကြားခဲ့ကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများ တွင်ဖြစ်ပေါ်လေ့ရှိသည့် ကူးစက်ရောဂါများအား ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံ၏ ဝင်ပေါက် ထွက်ပေါက်များတွင်စောင့်ကြည့်စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံသတင်း အမြဲတမ်းနေထိုင်ခွင့်အတွက် ကမ်းလှမ်းပေးနိုင်မည့် လယ်ယာစိုက်ပျိုးရေးဗီဇာအသစ်

၆။ ကိုဗစ်ကူးစက်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သစ်တောကဏ္ဍတို့ တွင်ဖြစ်ပေါ်ခဲ့သည့် လုပ်သားပြတ်လပ်မှုများကို ဖြည့်စွက်ရန် လယ်ယာစိုက်ပျိုးရေးဗီဇာအစီအစဉ် သစ်တစ်ရပ်ကို စတင်တော့မည်ဖြစ်ပြီး ယင်းအစီအစဉ်သည်ပစိဖိတ်နှင့်အရှေ့တောင်အာရှရှိ လုပ် သားများအတွက် ဆွဲဆောင်ရန်ရည်ရွယ်၍ ကန့်သတ်မှုမပြုလုပ်ဘဲ အမြဲတမ်းနေထိုင်ခွင့်နှင့် ပြန် လည်နေရာချထားရေးတို့ကိုဉီးတည်သည့်လမ်းကြောင်းများပါဝင်သော်လည်း ယခုအခြေအနေတွင် မည်သည့်နိုင်ငံများ ပါဝင်မည်ကိုရှင်းလင်းစွာမသိရသေးကြောင်း၊ ယင်းအစီအစဉ်ကို လာမည့်ရိတ် သိမ်းရာသီမတိုင်မီ စက်တင်ဘာ(၂၁)ရက်တွင်စတင်မည်ဖြစ်ပြီး အစိုးရက အောင်မြင်သည်ဟု မှတ် ယူထားသည့် လက်ရှိရာသီလုပ်သားအစီအစဉ်နှင့် ပစိဖိတ်လုပ်သားအစီအစဉ်တို့၏ ထပ်တိုးအစီ အစဉ်ဖြစ်ကြောင်း၊ လက်ရှိ Covid -19 ဆိုင်ရာနယ်စပ်ပိတ်ဆို့မှုများကြောင့် Working Holiday Visa ကိုင်ဆောင်မှုအ‌ရေအတွက် များစွာလျော့ကျခဲ့ရပြီး လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားပေါင်း (၃၀၀၀၀) ခန့် ပြတ်လပ်မှုများ ကြုံတွေ့ရလျှက်ရှိသကဲ့သို့ အသားထုတ်သည့်ကဏ္ဍတွင်လည်း လုပ် သားပြတ်လပ်မှုကြောင့် လုပ်ငန်းလည်ပတ်မှုလျော့နည်းနေကြောင်း၊ လယ်ယာစိုက်ပျိုးရေး ဗီဇာအစီ အစဉ်ကြောင့် ဩစတြေးလျတွင် ပစိဖိတ်နှင့်တီမောလုပ်သားစုစုပေါင်း(၂၄၀၀၀)ကျော်အထိ နှစ်ဆ တိုးလာနိုင်သည်ဟုအစိုးရကခန့်မှန်းထားကြောင်း၊ ဖက်ဒရယ်အစိုးရသည် နိုင်ငံတကာဝင်ရောက်မှု များကို တင်းကျပ်သောကန့်သတ်ချက်များနှင့်အတူ လုပ်သားလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ပြည်နယ်၊နယ်မြေများနှင့် ပူးပေါင်းလုပ်ကိုင်လျှက်ရှိကြောင်း၊ဩစတြေးလျအစိုးရသည် နယူးဇီလန် နိုင်ငံကဲ့သို့ Travel Bubble အစီအစဉ်ကို Tonga ၊ Samoa နှင့် Vanuatu နိုင်ငံတို့နှင့် ချဲ့ထွင်ထားပြီး လယ်ယာစိုက်ပျိုးရေးလုပ်သားပြတ်လပ်မှုကို ကူညီနိုင်ရန် နှစ်ပတ် Quarantine မလိုအပ်ဘဲ လာ ရောက်နိုင်သည့် ရာသီလုပ်သားများကို ခွင့်ပြုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)