Main menu

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် -  ဇွန် ၁၅   စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီ၏  ညှိနှိုင်းအစည်းအဝေး(၂/၂၀၁၈) ကို ယနေ့ မွန်းလွဲ(၁:၀၀)နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမတွင်ကျင်းပရာ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်၍ အမှာစကားပြော ကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဗဟိုကော်မတီဒုတိယဥက္ကဌများဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပုဂ္ဂလိကဏ္ဍရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စားသုံးသူအကာအကွယ်ပေးရေးကိစ္စရပ်ဆိုင်ရာ ကျွမ်းကျင်သူပြင်ပပညာရှင်များ၊ အထူးဖိတ်ကြားထားသူ များ တက်ရောက်ကြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအတွင်း “နိုင်ငံဖြတ်ကျော် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် စားသုံးသူယုံကြည်မြင့်မားစေခြင်း”ဟူသည့် အခြေခံမူအရ တင်းသွင်း၊ တင်ပို့သော ကုန်စည်များအပေါ် စားသုံးသူများ ယုံကြည်မှုမြင့်မားစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိရာ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များကို ဥပဒေနှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ သုံးစွဲ ပုံနှင့်ပတ်သက်ပြီး ကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ဖော်ပြစေခြင်းဖြင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးရာရောက်ပါကြောင်း၊ အဓိကအားဖြင့် တရားမဝင် ဝင် ရောက်လာသော ကုန်စည်များနှင့် ပြည်တွင်းထုတ်လုပ်သောကုန်စည်များ စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်း ချရာတွင် ပြည်တွင်းထုတ်လုပ်သူများ ပိုမိုအကျိုးဖြစ်ထွန်းစေခြင်း၊ အရည်အသွေးပိုင်းကို ပိုမိုဂရုစိုက်လာပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်၍ နိုင်ငံ့စီးပွားရေးကို တိုးတက်စေလာခြင်း၊ နယ်စပ် ဒေသ သို့မဟုတ် တစ်ဖက်နိုင်ငံမှ မြန်မာဘာသာမဟုတ်သော အခြားဘာသာတစ်ခုခုဖြင့်ရိုက်နှိပ်၍ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကို တားဆီးအရေးယူရာတွင် ပိုမိုထိရောက်စေခြင်း စသည့် ရလဒ်ကောင်း များရရှိနိုင်မည်ဖြစ်ပါကြောင်း၊  ထို့အပြင် စားသုံးသူများအနေဖြင့်လည်း ရွေးချယ်ဝယ်ယူစားသုံးနိုင်မှု ပိုမိုမြင့်မားလာမည်ဖြစ်သည့်အပြင် ကုန်စည်များလုံခြုံစိတ်ချပြီး ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ ကျန်းမာရေး နှင့် ညီညွတ်ခြင်း၊ စိတ်ကျေနပ်မှုရရှိခြင်းတို့ကို ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဘက်တွင်လည်း စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ကာ ပြည်ပသို့ တင်ပို့နိုင်သည်အထိ တန်ဖိုးမြှင့် ကုန်စည်များကို နိုင်ငံတကာကုန်အညွှန်း အမှတ်အသားများအတိုင်း ဖော်ပြ၍ ထုတ်လုပ်နိုင်ပါက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုလာမည် ဖြစ်ပါကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

            ထိုနောက် စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက ကုန်စည်တ္ငင်ဖော်ပြရမည့် ကုန်ညွှန်းအမှတ်အသားတွင် ပါဝင်သင့်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြရန်အတွက် ဦးစားပေးကုန်စည် သတ်မှတ်၍ ဆောင်ရွက်သွားမည့်အစီအမံများအား ဆွေးနွေးညှိနှိုင်းခဲ့ကြကာ အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။