Languages

ငါးသံယံဇာတ ဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးကန်များ ဖော်ထုတ်ထိန်းသိမ်းစို့

Powered by Drupal

ငါးသံယံဇာတ ဖွံ့ဖြိုးတိုးတက်ဖို့ ငါးမွေးမြူရေးကန်များ ဖော်ထုတ်ထိန်းသိမ်းစို့

            ဟိုယခင် စာရေးသူတို့ ငယ်စဉ်အချိန်က ကသာခရိုင်ဟာ တောတောင်များတွင် သစ်တောကြီး များ ဖုံးလွမ်းလျက် စိမ့်စမ်းရေထွက်များဖြင့် အမြဲစိမ်းလန်းနေကာ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ကောင်းမွန်ခဲ့ခြင်းကြောင့် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားမရှိခဲ့ဘဲ သာယာလှပပြီး အေးချမ်းသော ဒေသဖြစ်ခဲ့ပါတယ်။ စိမ့်စမ်းရေထွက်တောင်တန်းမြိုင်ယံများကို မြစ်ဖျား၊ချောင်းဖျားခံကာ မြစ်ချောင်းများ အဖြစ် ကွေ့ပတ်စီးဆင်းလျက်ရှိရာမှာ အထင်ကရ မြစ်ချောင်းများအနေဖြင့် မူးမြစ်၊ မဲဇာမြစ်၊ နမ္မားချောင်း၊ ဒေါင်းမြူးချောင်း၊ စင်လင်ချောင်းနှင့် မင်းတရားချောင်းတို့အပြင် အခြား ချောင်းငယ်များဟာ တောင်တန်းတောင်စွယ်များရှိ စိမ့်စမ်းရေထွက်များမှတဆင့် တောင်စွယ်၊ ကျောက်ဆောင်ကျောက်ခဲများကို ဖြတ်သန်းစီးဆင်းခဲ့ရသဖြင့် ကြည်လင်အေးမြပြီး ငြိမ့်ညောင်းသာယာလှသလို စိတ်ကြည်နူးမှုများကိုလည်း ခံစားခဲ့ရပါတယ်၊ မြစ်ချောင်းကမ်းပါးယံမှ ရေအိုက်ကြီး/ငယ်များနှင့်ရှင်းပြင်း (ရေအမြင့်မှအနိမ့်သို့ စီဆင်းခြင်း)များကို ကြည့်လိုက်လျင် မြောက်များစွာသောငါးအုပ်မျိုးစုံတို့ ကူးခတ်ဆော့ကစားနေတာကို အတိုင်းတာကြည်နူးစွာ တွေ့မြင်ခဲ့ရဘူးပါသည်။

            ငါးသံယံဇာတ ဘယ်လောက်ထိပေါများခဲ့သလဲဆိုလျင် တံငါတွေရဲ့ စကားပုံမှာပင် တော်သလင်း ငါးခွေးမစားဆိုတာ တကယ်ပင် ဆည်မြောင်းကန်ချောင်းတွေမှာ တံငါလုပ်ငါးဖမ်းသူများ ငါးရ လွန်းလို့ ခွေးကျွေးတာပင် ငါးစားရလွန်းလို့ ခွေးပင်မစားနိုင်တော်သဖြင့် ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ် စာရေးသူတို့ဒေသရဲ့ ရာသီဥတု အခြေအနေအရ တော်သလင်း၊ သီတင်းကျွတ်လဟာ မိုးများပြီး မြစ်ရေချောင်းရေ တက်ချိန်ဖြစ်တာကြောင့် မြစ်ရေချောင်းရေတို့နှင့်အတူ ငါးများ စုန်ဆင်းကြရာတွင် တံငါသည်များမှာ ရိုးရာငါးဖမ်းနည်းမျိုးစုံဖြင့် ဖမ်းဆီးကြရာဝယ် တောင်းကြီး၊ တောင်းငယ်တို့ဖြင့် အပြည့်အမောက်ရရှိခဲ့ကြတာကို တွေ့မြင်ခဲ့သူပါသည်။

            လွန်ခဲ့သောနှစ် အနည်းငယ်မှစ၍ တောတောင်များတွင် သစ်တောနှင့် မြေအောက် သံယံ ဇာတများ အလွန်အကျွံ ခုတ်ယူခြင်း၊ စက်ကြီးစက်ငယ်များဖြင့် တူးဖော်ခြင်းတို့ကြောင့် သစ်တောများ အတော်အတန် ပြုန်းတီးလာခြင်း မိုးရေအား သစ်တောသစ်ပင်များမှ မထိန်းထားနိုင်ခြင်း၊ မြေအောက်သံယံဇာတ တူးဖော်ထားသော မြေဇာများအား မိုးရေများက တိုက်စားသယ်ဆောင်ကာ မြစ်ချောင်းများအတွင်းသို့ ရောက်ရှိသွားသောကြောင့် မြစ်တိမ်၊ ချောင်းတိမ်များအဖြစ် ရောက်ရှိ သွားပြီး ဟိုးယခင်ကမြစ်များ ချောင်းများတွင် ဆင်တပြန် ဝါးတပြန် နက်ခဲ့သော ရေအိုက်ကြီး၊ ရေအိုက်ငယ်များ မရှိတော့လောက်အောင် ပျောက်ကွယ်ခဲ့ကာ မြစ်ရေချောင်းရေများမှာလည်း ရွံ့နွံများကြောင့် အမြဲလိုလိုနှောက်ကျိနေသဖြင့် ၄င်းမြေအောက်သံယံဇာတ တူးဖော်ရာတွင် အသုံးပြုသည့် ဓါတုဓါတ်ကြွင်းရေများ ချောင်း၊ မြောင်းများအတွင်း ဝင်ရောက်ခြင်းတို့ကြောင့် ၄င်းမြစ်ချောင်းများတွင် ငါးများရှားပါးလာခြင်း ကြောင့်လည်း အစိုးရမှ နှစ်စဉ်လေလံခေါ်သော စီးကမ်းတကျ ဖမ်းရသော ချောင်းများ၊ အင်းများတွင် ငါးများရှားပါးလာပြီးဖြစ်ပါသည်။

            ငါးမဖမ်းရာသီဖြစ်သည့် မေ၊ ဇွန်၊ ဇူလိုင်လများတွင် ဥများလွယ်ထားသော ငါးများကို နည်းမျိုးစုံဖြင့် တရားမဝင် လျှပ်စစ်ဖြင့် ရှော့တိုက်ဖမ်းဆီးမှုများကြောင့် ငါးများနေထိုင်ခြင်းမရှိ တော့၍ ငါးများရှားပါးလာကာ အချို့ငါးမျိုးစိတ်များ ပျောက်ကွယ်လာနေပြီး ဖြစ်ပါသည်။

            ယခုအခါ နိုင်ငံတော်အနေဖြင့် သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ သစ်တောသစ်ပင် ပြန်လည် ထူထောင်သည့် စိုက်ခင်းများပြုစုခြင်း စိုက်ပျိုးခြင်းတို့ကို တွင်တွင်ကျယ်ကျယ် ဆောင်ရွက်လာပြီး တရားမဝင် သစ်ခိုးထုတ်သူများအား ထိရောက်စွာ ဖမ်းဆီးအရေးယူလာခြင်း၊ တရားမဝင် မြေအောက် ဿံယံဇာတ တူးဖော်ခြင်းများအား တားဆီးထိန်းသိမ်းလာပြီး စနစ်တကျ တူးဖော်သည့် ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်လာခဲ့ခြင်းတို့ကြောင့် မြစ်ချောင်းများတွင် ရေများကြည်လင်စပြုလာပြီး ငါးမျိုးစုံတို့လည်း အနည်းငယ် တွေ့ရှိလာနေရပြီး ဖြစ်ပါသည်။ သို့သော် မြစ်၊ ချောင်းများ တွင် ငါးများနေထိုင် ခိုအောင်းနိုင်မည့် ရေနက်သည့် အိုက်များမရှိတော့ခြင်းက ငါးများပေါက်ပွါးနေထိုင်မှုကို အဟန့်အတားဖြစ်စေပါသည်။ မြေတူးစက်များဖြင့် မြစ်ချောင်းများဖောက်လုပ်ရာတွင် ရေစီးရေလာကောင်းအောင် တဖြောင့်တည်း ဖောက်လုပ်ခြင်းကလည်း မိုးရွာသည့်အခါသာ ရေများတင်ရှိသော်လည်း မိုးမရွာပါက ရေအနည်းငယ်သာ စီးဆင်းတော့သဖြင့် ဆောင်းနှင့်နွေတို့၌ ချောင်း၊မြောင်းများတွင် ရေပြတ်လပ်မှုနှင့် ကြုံတွေ့ရပါသည်။ ထိုသို့ မဖြစ်စေရန် စက်ယန္တယားများဖြင့် မြစ်ချောင်းများ ပြုပြင်ဖော်ထုတ်ရာတွင် ရေနက်အိုက်များစွာ ဖော်ထုတ်ထားမှသာ နွေ၊ မိုး၊ ဆောင်း ချောင်းရေအဆက်မပြတ်ရှိပြီး ငါးသယံဇာတလည်း ပေါများလာမှာဖြစ်ပါသည်။

            စာရေးသူတို့ နိုင်ငံတွင် ငါးစားသုံးမှုမှာ နှစ်အနည်းငယ်အတွင်း များပြားလာတာကို တွေ့ရပါတယ်၊ နှစ်စဉ် ရာသီဥတု ပူပြင်းလာခြင်းကြောင့် ဗိုင်းရပ်ကူးစက်ရောဂါများ ပြန့်ပွားလာသဖြင့် ကြက်ငှက်တုတ်ကွေး၊ ဝက်နားရွက်ပြာ၊ ဒေါင့်သန်းရောဂါကဲ့သို့သော တိရိစ္ဆာန်များတွင် ကျရောက်မှုများရှိသဖြင့် လူတို့၏ စားသုံးမှုပုံစံပြောင်းလဲလာကာ တိရိစ္ဆာန်အသားများအစား ရေနေသတ္တဝါ ငါးများကို အလေးထား စားသုံးလာတာကို တွေ့ရမှာဖြစ်ပါတယ်၊ ယခင်က စာရေးသူတို့ ခရိုင်တွင် ငါးသံယံဇာပေါများခဲ့ပြီး အခြားခရိုင်များသို့ပါ တင်ပို့နိုင်တဲ့ အခြေအနေမှ ယခုအခါ အခြားတိုင်းနှင့် ခရိုင်များကပါ ငါးကို ပြန်လည်တင်သွင်းနေရပါတယ်၊ သို့အတွက်ကြောင့် ငါးသံယံဇာတ ပေါများ လာအောင် ဆောင်ရွက်ရန်အတွက် စနစ်တကျ ငါးမွေးမြူသည့်လုပ်ငန်းရှင်များ ပေါများလာအောင် စည်းရုံးဆောင်ရွက်ခြင်း၊ နည်းပညာပေးခြင်း၊ လယ်ယာလုပ်ကိုင်၍ မရသော အပတောအင်းအိုင်မြေ များကို တူးဖော်လုပ်ကိုင်လာစေရန် ဆောင်ရွက်ပေးခြင်း၊ သင့်တင့်သော အတိုးနှုန်းဖြင့် နှစ်တို၊ နှစ်ရှည်ချေးငွေများ ချမှတ်ဆောင်ရွက်စေကာ လုပ်ငန်းရှင်အချင်းချင်း ထိန်းညှိဆောင်ရွက်ပေးစေပြီး ဈေးကွက်ရှာဖွေဖော်ထုတ်ပေးမည်။ ငါးသံယံဇာတ ကုန်ထုတ်အသင်းများ ထူထောင်ဆောင်ရွက်ပေးခြင်းဖြင့် နှစ်အနည်းငယ်အတွင်း တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်၊ ငါးမွေးမြူလိုသူများအနေဖြင့် ငါးကန်တူးဖော်ရန် မြေလျောက်ထားရာတွင် သစ်တောကြိုးဝိုင်းမြေထဲတွင် မပါဝင်သောမြေ၊ လယ်ယာလုပ်ကိုင်၍မရသောမြေတို့ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တွင် လယ-၃၀ လျှောက်ထားဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။ ငါးမွေးမြူရာတွင် တသီးတခြား တူးဖော်ဆောင်ရွက်ခြင်းထက် တဖက်ဆည်ကန်များ ပြုလုပ်ဆောင်ရွက်ခြင်းက ငါးကြီးထွားမှုနှုန်း မြန်ဆန်ခြင်း၊ ကျွေးမွေးသည့်ငါးစာအပြင် သဘာဝ အစားအစာများဖြစ်တည်မှုရှိခြင်း၊ ကန်ရေပြင်ကျယ်သဖြင့် ငါးများလွတ်လပ်စွာ မြူးတူးကစားနိုင်ခြင်းတို့ကြောင့် ကြီးထွားနှုန်း မြန်ဆန်ကြောင်း လေ့လာတွေ့ရှိရပါသည်။ ငါးကန်များ တူးဖော်ခွင့်ရရှိပါက ငါးကန်အား လေးဖက်လေးတန် ပြင်ညီ အနက်မတူဖော်သင့်ဘဲ တဖက်နိမ့်စောင်း (တဖက်ကအနက် တဖက်ကအတိမ်) တူးဖော်သင့်ပါသည် သို့မှသာ ရေတိမ်ပိုင်တွင် လှုပ်ရှားသွားလာနိုင်မှာဖြစ်ပြီး နေရောင်ခြည်ကိုလည်း တိုက်ရိုက်ရရှိမှာ ဖြစ်ကာ ငါးကန်အတွင်း အောက်စီဂျင် အလုံအလောက်ရရှိမှာ ဖြစ်ပါသည်။ ငါးကန်အသစ်တူးရာတွင် (၁.၀၀)ဧက ဧရိယာနှင့် အနက် ၅ ပေ ၃ ပေသည် ငါးမွေးမြူရန် အကောင်းဆုံးဖြစ်ပြီး  အသစ်တူးထားသောကန်အနေဖြင့် သဘာဝအစားအစာ များ ဖြစ်ပေါ်လာရန် မြေအတွင်းမှ  ဘက်တီးရီးယားများ သေဆုံးစေရန်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ မထွက်စေရန်အတွက် ငါးကန်အသစ် (၁.၀၀)ဧရိယာတွင် ဖောက်ထုံး(၅၀)အိတ်အား ငါးကန်အနှံ ဖြန့်ဖြူး၍ (၁၀)ရက် ခန့်နေပူလှန်းပြီးမှ နွားချေး(၁၅)စီးခန့်ထည့်ပြီး (၁၄)ရက်ခန့်ဆိုလျင် ရေသွင်းထားပါက (၂)လခန့်တွင် သဘာဝအစားအစာများ ပေါက်ရောက်လာမည် ဖြစ်ပါသည်။

            စာရေးသူသည်လည်း (၁၀)ဧကကျော်ရှိသော ငါးကန်ဖြင့် ငါးမွေးမြူခြင်းလုပ်ငန်းအား (၅) နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးရာ ငါးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ပို့ချသော သင်တန်းမှ ဗဟုသုတများနှင့် လက်တွေ့လုပ်ကိုင်၍ ရရှိခဲ့သော အတွေ့အကြုံများကို ပေါင်းစပ်တင်ပြခြင်းသာ ဖြစ်ပါသည်။ ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ထားသော ငါးမျိုး ဆေးထိုးသားဖောက်ခြင်း သင်တန်းများ လက်တွေ့သင်ကြားပေးသလို ငါးသားဖောက်နှစ်ခြင်းမျိုး နှစ်ချို့မျိုး နှစ်မျိုးခွဲခြား၍ ရောင်းချဖြန့်ဖြူးပေးခြင်း၊ နည်းပညာ အကူအညီပေးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

            ငါးကန်တူးဖော်ရာ၌ တူးဖော်နှစ်တွင်သာ အရင်းအနှီးစိုက်ထုတ်ရပြီး နောက်နှစ်များတွင် ငါးမျိုးဘိုးနှင့် ငါးစာဖိုးတို့လောက်သာ ကုန်ကျမှုရှိပါသည်။ ငါးကန်(၁)ဧက တူးဖော်စရိတ်မှာ ပျမ်းမျှ (၁၈)သိန်းခန့်မှန်းမျှသာ ကုန်ကျမှုရှိပြီး ငါးကန်ဧရိယာ(၁)ဧကတွင် နှစ်ချို့ငါးမျိုးဆိုလျှင် အကောင်ရေ (၅၀၀၀)နှင့် နှစ်ချဉ်ငါးမျိုးဆိုပါက အသေအပျောက်ရှိနိုင်သဖြင့် အကောင်ရေ(၈၀၀၀ မှ ၁၀၀၀၀)ခန့် ထည့်သွင်းပြီး နှစ်ချဉ်ငါးမျိုးမှာ (၁)လက်မဆိုဒ်အရွယ်ဆို တကောင်လျင် ပျမ်းမျှ (၅/-) ကျပ်နှုန်းသာရှိပြီး နှစ်ချို့ ငါးမျိုး(၂)လက်မ (၃)လက်မဆိုဒ်ဆိုလျင် ပျမ်းမျှ(၃၀/-)ကျပ်နှုန်း လောက်သာရှိပါသည်။ မိုးဦးကျကာစ ဇွန်လတွင် ငါးသားပေါက်များ ထည့်နိုင်ပါက အကောင်းဆုံး ဖြစ်ပါသည်။ ယခုအခါ အစာအဟာရများကို အချိုးကျစပ်ထားသည့် ငါးစပ်စာအိတ်များမှာ ငါးအသေးစာ၊ ငါးအကြီးစာဟူ၍ အရံသင့်ကျွေးမွေးနိုင်သော (၅၀)ကီလိုအိတ်တအိတ်တွင် (၃၀၀၀၀/-)ကျပ်မှ (၃၅၀၀၀/-)ကျပ်သာရှိပါသည်။ ငါးကိုကျွေးမွေးသည့် စပ်စာအား အလေအလွင့် မရှိအောင် ကျွေးမွေးနိုင်ပါက ကြီးထွားမှုလျင်မြန်ပြီး နှစ်ချို့ ငါးကြင်းများဆိုပါက (၄)လ(၅)လ အတွင်း (၅၀)ကျပ်သားအထက် ဖြစ်လာနိုင်ပါသည်။ နှစ်ချဉ်ငါးဆိုလျင် (၂၅)ကျပ်သား မှ (၃၀)ကျပ်သား လောက်သာ ကြီးထွားပါသည်။ ငါးစပ်စာမကျွေးနိုင်ပါကလည်း ငါးလုပ်ငန်းရှင်အများစုမှာ ဖွဲ့နုနှင့် ပဲဖတ်ကို (၃)ပုံ(၁)ပုံရောကျွေး၍ မွေးမြူကြခြင်းဖြင့် ကြီးထွားပါသည်။

            ငါးကန်မွေးမြူခြင်း လုပ်ငန်းလုပ်ကိုင်သူအနေဖြင့် မိုးရာသီကာလတွင် မိမိငါးကန်ရေရှိမှု အခြေအနေအား မပြတ်စောင့်ရှောက်ခြင်း၊ အလေအလွင့်မရှိစေရန် စနစ်တကျ တန်း(သို့မဟုတ်) တိုင်စိုက်၍ ပိုက်ခြင်းများတွင်ထည့်ကာ တရက်(၂)ကြိမ်ခန့် ပုံမှန်ကျွေးပေးခြင်း၊ နွေရာသီ ငါးကန် တွင် ရေနည်းချိန်၌ အောက်စီဂျင်ပြတ်လပ်မှု မရှိစေရန်နှင့် ငါးများ ရောဂါကျရောက်မှုမရှိစေရန် ရေဟောင်းအချို့ထုတ်ပြစ်ပြီး ရေအသစ်များသွင်းပေးခြင်း ငါးများနားခိုရန်အတွက် အရိပ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ပေးလျှင်ပင် ငါးများပုံမှန်ကြီးထွားနေမှာဖြစ် အချိန်တိုအတွင်း စီးပွားဖြစ်နိုင်သောလုပ်ငန်းဖြစ်ပါသည်။

            ကသာခရိုင်အနေဖြင့် ၂၀၁၀ ခုနှစ်တွင် ငါးကန်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ(၂၄၈)ဦး ဧရိယာ (၆၄၀.၁၀)ဧကရှိရာမှ ၂၀၁၈ ခုနှစ်တွင် (၃၅၂)ဦး ဧရိယာ (၁၀၁၅.၂၅)ဧကထိ တိုးတက် မွေးမြူလာခြင်းအား ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရပါသည်။ ငါးမွေးမြူရေးကန် (လိုင်စင်) မှတ်ပုံတင်လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်များမှာ  ပုံစံ-၁၀၅/၁၀၆ (သို့) လယ-၃၀၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ်ထွေ/အုပ်ထေက်ခံချက်၊ ပုံစံ ၆၆/ဃ/မှတ်ပုံတင် မိတ္တူနှင့် လိုင်စင်ဓါတ်ပုံတို့ဖြင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများတွင် လျှောက်ထားလုပ်ကိုင်နိုင်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့်လည်း နှစ်စဉ်ငါးသားဖောက် မွေးမြူနည်း၊ ပြုစုခြင်းနည်း ပညာပေးသင်တန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး ခရိုင်အတွင်း မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက် ချေးငွေကို ကျေးရွာများတွင် ဆောင်ရွက်ပေးလျက်ရှိရာ ငါးကန်များ ဖော်ထုတ်ပြီး ငါးမွေးမြူခြင်းဖြင့်  ငါးသံယံဇာတများ ထိန်းသိမ်းကာ အချိန်တိုအတွင်း စီးပွားဖြစ်ထွန်းနိုင်သော လုပ်ငန်းဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါသည်။

           

                                                                                          ကျော်စိန်ဌေး

                                                                                      ( DOCA -ကသာ)